ရခိုင်ပြည်နယ်တိုက်ပွဲတွေကဆိုပြီး ပြုပြင်ပြောင်းလဲထားတဲ့ အီရန်နိုင်ငံပိုင် ကင်းစောင့်ရေယာဥ်ဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 အောက်တိုဘာ 2024 အချိန် 08h10
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အီရန်နိုင်ငံအလံနဲ့ အီရန်အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC)တို့ ရဲ့ အလံတွေလွှင့်တင်ထားတဲ့ စက်လှေရဲ့ ဓာတ်ပုံတစ်ပုံကို ပြုပြင်ပြောင်းလဲကာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA)ရဲ့ ကင်းစောင့်ရေယာဥ်အဖြစ် မြန်မာ့လူမှုကွန်ရက်မှာ မှားယွင်းပြောဆိုနေကြပါတယ်။ စက်တင်ဘာလအစောပိုင်းထဲ စစ်တပ်ရဲ့ အဓိကကျတဲ့ရေတပ်လေ့ကျင့်ရေးတပ်စခန်းတစ်ခုကို AA က သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေကတင်ပြခဲ့တဲ့နောက်မှာ အဲဒီပုံ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။
"ရခိုင်တပ်တော် နေဗီးအသုံးပြုနေပြီ" (မူရင်းအတိုင်း) လို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
ဒီပိုစ့်မှာ အာရက္ခတပ်တော် (AA) နဲ့ အဖွဲ့ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ အလံတွေလွှင့်တင်ထားတဲ့ စပိဘုတ်တစ်စီးရဲ့ ဓါတ်ပုံတစ်ပုံပါဝင်ပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၈၀၀ ကျော်ရှိပါတယ်။ (Archived links here and here)
အဲဒီပုံကို တူညီတဲ့မှားယွင်းပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာလည်းမျှဝေထားပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အဓိကရေတပ်လေ့ကျင့်ရေးစခန်းကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေကတင်ပြခဲ့ပြီးနောက် မြန်မာ့လူမှုကွန်ရက်မှာ ဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီရေတပ်စခန်းဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ အဓိကကျတဲ့ရေတပ်စခန်းဖြစ်တယ်လို့လည်း ဖော်ပြထားကြပါတယ်။ (Archived link)
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာရက္ခတပ်တော်(AA)နဲ့ မြန်မာ့စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ အာရက္ခတပ်တော်က မြန်မာစစ်တပ် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဖက်တိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။။
ဒါပေမဲ့ ဒီဓါတ်ပုံက ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြုပြင်ပြောင်းလဲထားတာပဲဖြစ်ပါတယ်။
အီရန်နိုင်ငံတော်အလံ
Tineye မှာ ဓါတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တူညီတဲ့ဓာတ်ပုံကို Reuters သတင်းဌာနရဲ့ ဝဘ်ဆိုဒ်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က ထုတ်ဝေခဲ့တာကိုတွေ့ရပါတယ်။ (Archived link)
"အီရန်နိုင်ငံ Bandar Abbas ကမ်းလွန်ပင်လယ်ပြင်တစ်နေရာတွင် အီရန်တော်လှန်ရေးအစောင့်တပ်သားနှင့်အတူ ကင်းလှည့်နေသော လှေငယ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် တွေ့ရစဉ်" ဆိုပြီး ပုံရဲ့ ခေါင်းစဥ်မှာ ရေးသားထားပါတယ်။
Reuters ဓာတ်ပုံမှာ တီဟီရန်အခြေစိုက် မီဒီယာဖြစ်တဲ့ West Asia News Agency က ဓာတ်ပုံသတင်းထောက် Nazanin Tabatabaee ကို ရည်ညွှန်းဖော်ပြထားပါတယ်။
စက်လှေပေါ်မှာ လွှင့်တင်ထားတဲ့ အလံတွေကတော့ အီရန်နိုင်ငံတော်အလံ နဲ့ အီရန်စစ်တပ်ရဲ့ အယူဝါဒဆိုင်ရာလက်ရုံးဖြစ်တဲ့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC)တို့ရဲ့ အလံတွေပဲဖြစ်ပါတယ်။ (Archived link here and here)
တူညီတဲ့ ဓာတ်ပုံကို ၂၀၁၉၊ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ထုတ်ဝေခဲ့တဲ့ အီရန်နိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။ (Archived links here, here and here)
အောက်မှာ မှားယွင်းပြောဆိုထားတဲ့ပို့စ်က ပြုပြင်ပြောင်းလဲထားတဲ့ဓာတ်ပုံ (ဘယ်) ကို West Asia News Agency ရဲ့ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဉ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
AFP အနေနဲ့ ယခင်ကလည်း အာရက္ခတပ်တော်နဲ့ ပတ်သက်တဲ့သတင်းမှားတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်