
ထိုင်းနိုင်ငံ 'ကျောင်းကားမီးလောင်မှုရဲ့ နောက်ဆုံးအချိန်' ဆိုပြီး ဆက်စပ်မှုမရှိတဲ့ ဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04 အောက်တိုဘာ 2024 အချိန် 10h23
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဒီနေ့သေးသွားတယ်ခလေးအုပ်စုသနားလိုက်တာ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုမှာ ရေးသားထားပါတယ်။
အဲဒီဗီဒီယိုမှာ နက်ပြာရောင်တူညီဝတ်စုံနဲ့ သီချင်းဆိုနေတဲ့ ကလေးတွေကိုတွေ့ရပြီး "#ဘန်ကောက်မှာကားမီးလောင်ဖြစ်ပွား" (မူရင်းအတိုင်း) ဆိုတဲ့ hashtag အပြင် "ခလေးတွေကံဆိုးလိုက်တာသနားပါတယ်" (မူရင်းအတိုင်း) ဆိုတဲ့ hashtag ကိုလည်းတွေ့ရပါတယ်။
ဗီဒီယိုက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်က ဘန်ကောက်မြို့ ရဲ့ အပြင်ဘက်အဝေးပြေးလမ်းမတစ်နေရာမှာ ကျောင်းကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ရပ်မတိုင်မီ ရိုက်ကူးထားတယ်လို့ ဖော်ပြထားပါတယ်။ (archived link)
ဒီမီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်အများစုပါဝင်တဲ့ လူအနည်းဆုံး ၂၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ယာဥ်မတော်တဆမှုတစ်ခုအဖြစ် ဖော်ပြနေကြပါတယ်။

အဲဒီဗီဒီယိုက မြန်မာဘာသာအပြင် အင်္ဂလိပ် နဲ့ ဖိလစ်ပိုင် ဘာသာစကားတွေနဲ့လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒါပေမဲ့ မူရင်းဗီဒီယိုကို အဲဒီဖြစ်ရပ်ဆိုးမတိုင်မီ တစ်ပတ်အလို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်ကတည်းက TikTok မှာ မျှဝေထားတာတွေ့ရပါတယ်။
မူရင်း TikTok ဗီဒီယိုကို အွန်လိုင်းပေါ်ကပယ်ဖျက်လိုက်ပေမဲ့ AFP ကမော်ကွန်းမှတ်တမ်းကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်။
မူရင်း TikTok ဗီဒီယိုရဲ့ မျှဝေမှုရက်စွဲကို မြင်သာအောင်ဖော်ပြထားတဲ့ screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

မူရင်း TikTok ဗီဒီယိုကို မျှဝေခဲ့သူ Jirawan Mesan ဟာ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) ဝေးကွာတဲ့ Nakhon Si Thammarat ပြည်နယ်က သူငယ်တန်းပြဆရာမတစ်ဦး ဖြစ်ပါတယ်။
"ဗီဒီယိုထဲက ကလေးတွေဟာ Nakhon Si Thammarat ပြည်နယ်ကပါ။ ကျမက မူရင်းဗီဒီယိုကို လွန်ခဲ့တဲ့တစ်ပတ်က တင်ခဲ့တာပါ" ဆိုပြီး Mesan က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှာ AFP ကိုပြောပါတယ်။
ဗီဒီယိုရဲ့ အစမှာ Nakhon Si Thammarat ပြည်နယ်မှာရှိတဲ့ Semamuang စာသင်ကျောင်းရဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကလေးတစ်ယောက်ကိုတွေ့နိုင်ပါတယ်။
ဒါပေမဲ့ ကားမီးလောင်မှုအတွင်း အသက်ဆုံးရှုံးသွားကြတဲ့ ကလေးငယ်တွေက ထိုင်းနိုင်ငံမြောက်ပိုင်း Uthai Thani ပြည်နယ်က Wat Khao Phraya Sangkharam ကျောင်းကပဲဖြစ်ပါတယ်။ (archived link)
ကလေးတွေက ရေပန်းစားတဲ့ သူငယ်တန်းသီချင်းကို သီဆိုနေကြတယ်လို့ ထိုင်းဘာသာစကားနဲ့ ခေါင်းစဥ်မှာ ရေးသားထားပါတယ်။
"ကလေးတွေက ချစ်ဖို့ကောင်းပြီး သီချင်းဆိုရတာကို သဘောကျကြပါတယ်။ သူတို့ရဲ့ ချစ်စဖွယ် အမူအရာလေးတွေကို မျှဝေချင်လို့ ဗီဒီယိုကို တင်လိုက်တာပါ" လို့ Mesan ကပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်