တိုင်ဖွန်းယာဂီ တိုက်ခတ်ပြီးနောက် ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးထားတဲ့ သစ်ပင်ပေါ်ကဆင်ပုံတွေပျံ့နှံ့

အရှေ့တောင်အာရှမှာ တိုင်ဖွန်းယာဂီဝင်ရောက်ခဲ့ပြီးနောက် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ ဖန်တီးထားတဲ့ သစ်ပင်ပေါ်မှာပိတ်မိနေတဲ့ ဆင်ပုံတွေဟာ မြန်မာနိုင်ငံကဆိုပြီး မှားယွင်းမျှဝေနေကြပါတယ်။ AI ဖန်တီးမှုအကြောင်းအရာတွေအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ Facebook group တွေမှာ မျှဝေခဲ့ကြတဲ့ မူရင်းဖန်တီးသူတွေက ဒီဓာတ်ပုံတွေဟာ အစစ်အမှန်မဟုတ်ဘူးလို့ AFP ကို ပြောပါတယ်။

"တောင်ငူတွင် ရေပြန်ကျသွားသော်လည်း ဆင်တစ်ကောင် သင်ပင်ပေါ်တင်လျှက်ရှိသဖြင့် ကယ်ဆယ်ရေးအသင်းများ ကူညီလျှက်ရှိနေ။" (မူရင်းအတိုင်း) လို့  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထဲ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှာ စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရွာပေါင်း ၃၀ ရေလွှမ်းမိုးခံရပြီး လူပေါင်းရာနဲ့ချီဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတဲ့နောက် မြန်မာ့လူမှုကွန်ရက်ပေါ်မှာ အဲဒီပုံတွေပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link 

Image
မှားယွင်းမျှဝေထားတဲ့ ပထမ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က ရယူထားတဲ့ Screenshot
Image
မှားယွင်းမျှဝေထားတဲ့ ဒုတိယ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က ရယူထားတဲ့ Screenshot

ဗီယက်နမ်၊ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းယာဂီကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပေါ်ကာ လူပေါင်းရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ (Archived link)

စစ်အစိုးရဲ့ထုတ်ပြန်ချက်အရ  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံမှာ သေဆုံးသူ ၄၁၉ ဦးရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။   

မှားယွင်းပြောဆိုမှုနဲ့ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာလည်းမျှဝေထားပါတယ်။  

ဒါပေမဲ့ ဒီဓာတ်ပုံတွေက AI အထူးပြုလုပ်ချက်တွေကို မျှဝေလေ့ရှိတဲ့ Facebook group တွေက ပုံတွေပဲဖြစ်ပါတယ်။  

Facebook group များ  

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမပုံကို "Lightroom Editing" လို့ခေါ်တဲ့ Facebook group မှာ မျှဝေထားတာကို တွေ့ရပါတယ်။  

အဖွဲ့ဝင် ၂၉၇,၀၀၀ ကျော်ရှိတဲ့ အဲဒီ Facebook group ကို သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတည်းဖြတ်ဝါသနာရှင်တွေက စတင်ထားတာဖြစ်ပါတယ်။    

အဲဒီဓာတ်ပုံကို အဖွဲ့ရဲ့ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ Janaka Senevirathne က ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ (Archived link) 

Image
"Lightroom Editing" Facebook group မှာမျှဝေထားတဲ့ မူရင်းပုံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က ရယူထားတဲ့ Screenshot

Digital creator တစ်ယောက်ဖြစ်တဲ့ Senevirathne က AI နဲ့ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို မျှဝေလေ့ရှိပြီး အဲဒီပုံကိုလည်း AI နည်းပညာနဲ့ ဖန်တီးထားတယ်လို့  AFP ကို အတည်ပြုပြောကြားခဲ့ပါတယ်။  

ဒုတိယဓာတ်ပုံကို Google မှာပဲ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ AI နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအတွက်ဖန်တီးထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် Facebook group တစ်ခုမှာ Tatarat Trainarong (Earl) ဆိုသူက ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link) 

Image
AI CREATIVES THAILAND Facebook group မှာမျှဝေထားတဲ့ မူရင်းပုံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က ရယူထားတဲ့ Screenshot

"ဘုန်းကြီးက အစာကျွေးတာနောက်ကျလို့ သောင်းကျန်းနေတဲ့ခွေး နဲ့ ရှင်းပြလို့မရနိုင်တဲ့ ရှုပ်ထွေးဆန်းကြယ်မှု တို့အပါအဝင် ကင်မရာကဖမ်းယူထားတဲ့ ထူးခြားဆန်းပြားဓာတ်ပုံများကို CCTV သတင်းဌာနကတင်ပြလိုက်ပါတယ်" လို့ ထိုင်းဘာသာစကားနဲ့ စာသားဖော်ပြထားပါတယ်။   

အဲဒီ ပိုစ့်ကိုမျှဝေသူ Tatarat Trainarong ကလည်း ဓာတ်ပုံတွေက AI အထူးပြုလုပ်တဲ့ program ဖြစ်တဲ့ Dall-E 3 နဲ့ ဖန်တီးထားတာဖြစ်တယ်လို့  AFP ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က အတည်ပြုပြောကြားခဲ့ပါတယ်။  

AI ဖန်တီးမှုလက္ခဏာများ 

ဒီဓာတ်ပုံတွေကို AI နည်းပညာနဲ့ ဖန်တီးထားတယ်ဆိုတာကို ပုံတွေထဲက မြင်သာတဲ့သဲလွန်စတွေက ဖော်ပြနေပါတယ်။  

ပထမဓာတ်ပုံမှာ ဂျစ်ကားရဲ့ရှေ့မှန်နဲ့  နံပါတ်ပြားတို့က ဝေဝါးနေတဲ့အပြင် ပုံရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ "Yala National Park" ဆိုတဲ့ စာသားကလည်း သတ်ပုံမှားနေပါတယ်။   

ဒုတိယပုံမှာတော့ ကားရှေ့မီးရဲ့ အလင်းရောင်က မီးလုံးနဲ့လွဲနေတဲ့အပြင် သစ်ပင်ပေါ်မှာ ရပ်နေတဲ့ ဆင်ကလည်း သဘာဝအတိုင်း ဟန်ချက်ညီနေတဲ့ ကိုယ်နေဟန်ထားမဟုတ်ပါဘူး။  

ဒါ့အပြင် ပုံရဲ့ ညာဘက်အောက်ထောင့်က အမှတ်တံဆိပ်မှာလည်း မူရင်းဖန်တီးသူ Tatarat Trainarong  ရဲ့ နာမည်ကို ရေးထိုးထားတာတွေ့ရပါတယ်။   

အောက်မှာ AFP ကမြင်သာအောင်ဖော်ပြထားတဲ့ AI ဓာတ်ပုံတွေက မျက်မြင်သဲလွန်စတွေရဲ့  screenshot ကိုတွေ့နိုင်ပါတယ်။  

Image
AFPက အနီရောင်နဲ့အမှတ်အသားပြုလုပ်ထားတဲ့ AI ဓာတ်ပုံတွေက မျက်မြင်သဲလွန်စတွေရဲ့  Screenshot

AFP ရဲ့  AI ဓာတ်ပုံတွေကို ဖော်ထုတ်ရာမှာသုံးတဲ့ လမ်းညွှန်ချက်အရ လုပ်ကြံဖန်တီးထားတဲ့ပုံတွေကို မြင်သာတဲ့ကွဲလွဲမှုတွေကနေ သဲလွန်စရှာတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ 

AFP အနေနဲ့ ယခင်ကလည်း သီရိလင်္ကာမှာပျံ့နှံ့ခဲ့တဲ့ အဲဒီဓာတ်ပုံကို အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်