ဟာရီကိန်းကြောင့် ပျက်စီးသွားတဲ့ ဂျာမေကာကမ်းရိုးတန်းမြို့ဆိုပြီး AI ဓာတ်ပုံ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 နိုဝင်ဘာ 2025 အချိန် 05h15
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဂျာမေကာနိုင်ငံကို ဟာရီကိန်းမယ်လစ်ဆာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ပြိုကျနေတဲ့ အဆောက်အအုံတွေ၊ အပျက်အစီးတွေပြန့်ကျဲနေတဲ့လမ်းမတွေနဲ့ ရေမြုပ်နေတဲ့ လူနေရပ်ကွက်တွေရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ အဆင့် ၅ ဟာရီကိန်းမုန်တိုင်းဝင်ရောက်ပြီးနောက် ဂျာမေကာကမ်းရိုးတန်းရဲ့ အခြေအနေဆိုတဲ့ ဓာတ်ပုံကတော့ AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။  

"ဟာရီကိန်းမုန်တိုင်းကြီး မေလစ်ဆာ ဂျမေကာ ကမ်းခြေကို မဝင်ရောက်မီ ပုံ နဲ့ မနေ့က ဝင်ရောက်သွားပြီးတဲ့ပုံ ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။  

ပြန်လည်မျှဝေမှု အကြိမ်ရေ ၁,၇၀၀ ကျော်ရှိတဲ့ပိုစ့်မှာ ကမ်းရိုးတန်းဒေသတစ်ခုရဲ့  ဝေဟင်မြင်ကွင်းဓာတ်ပုံတွေကို နှိုင်းယှဥ်ထားပါတယ်။ အပြာရောင်ပင်လယ်ပြင် ဝန်းရံထားတဲ့ ကမ်းခြေကအိမ်တွေကို အပေါ်ဓာတ်ပုံမှာတွေ့နိုင်ပြီး အောက်ဘက်မှာတော့ ပျက်စီးနေတဲ့ အိမ်တွေနဲ့ ရွှံ့ရောင် ရေတွေရဲ့  ဓာတ်ပုံကို တွေ့နိုင်ပါတယ်။

Image
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှာ တစ်နာရီလျှင် လေတိုက်နှုန်း ၃၀၀ ကီလိုမီတာ (၁၈၅ မိုင်) နဲ့ ကာရစ်ဘီယံနိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ ပြင်းအား အဆင့် ၅ ရှိ ဟာရီကိန်း မယ်လစ်ဆာဟာ နှစ်ပေါင်း ၉၀ အတွင်း ဂျမေကာနိုင်ငံကို တိုက်ခတ်ခဲ့တဲမုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ (Archived link)  

မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေကြီးနေတဲ့လမ်းမတွေနဲ့ အဆောက်အအုံအပျက်အဆီးတွေရဲ့ ဓာတ်ပုံတွေကို AFP ကလည်း မျှဝေထားပါတယ်။  

မုန်တိုင်းကြောင့် နိုင်ငံအတွင်း အနည်းဆုံး လူပေါင်း ၃၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘေးလွတ်ရာကို အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းနိုင်မှုနဲ့ လိုအပ်တဲ့အကူအညီတွေ ကြိုတင်ပြင်ဆင်ထားနိုင်မှု စတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်တွေကြောင့် သေဆုံးသူအရေအတွက်ကို လျှော့ချနိုင်ခဲ့တာဖြစ်တယ်လို့ the Red Cross က ဆိုပါတယ်။ (Archived link

အဲဒီဓာတ်ပုံကို မြန်မာဘာသာအပြင် အင်္ဂလိပ်ဂရိပေါ်တူဂီစပိန် နဲ့ ထိုင်း ဘာသာစကားတွေနဲ့လည်း မှားယွင်းမျှဝေနေကြပါတယ်။  

"သနားပါတယ်။ကိုယ်ချင်းစာပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ "သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။    

Image
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က Copernicus အရေးပေါ်စီမံခန့်ခွဲမှုဌာန၏ ဂြိုဟ်တုခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် အဆင့် ၅ ဟာရီကိန်းအဖြစ် ကုန်းတွင်းဝင်ရောက်ခဲ့သော မယ်လစ်ဆာမုန်တိုင်းကြောင့် ဂျာမေကာနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုအဆင့်များပြ သတင်းအချက်အလက်မြေပုံ

ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Google က ဒီဓာတ်ပုံကို "Made with Google AI" ဆိုပြီး သတိပေးဖော်ပြထားတာတွေ့ရပါတယ်။ 

Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဓာတ်ပုံမှာ SynthID ရဲ့ ရေစာအမှတ်သားကို တွေ့ရပါက ဒါဟာ "AI နည်းပညာနဲ့ ဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတာကြောင့်ဖြစ်တယ်" လို့ AFP ကို ယခင်ကပြောခဲ့ပါတယ်။ (Archived link

Image
Google ရဲ့ AI ဓာတ်ပုံဖြစ်ကြောင်းဖော်ပြချက်ကို AFP ကမြင်သာအောင်ပြုလုပ်ထားတဲ့ Screenshot

နောက်ထပ် Google မှာ အဓိကစကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်ရာ အဲဒီဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ "Joemar Sombero" ဆိုတဲ့ Facebook စာမျက်နှာကနေ မျှဝေခဲ့တာကို တွေ့ရပါတယ်။ (Archived link

"ဟာရီကိန်း မယ်လစ်ဆာကြောင့် ပျက်စီးသွားတဲ့ Black River မြို့၊ ဂျာမေကာနိုင်ငံ" ဆိုပြီး စာသား တစိတ်တပိုင်းရေးသားထားပေမယ့် ဓာတ်ပုံကို AIနည်းပညာနဲ့ဖန်တီးထားတယ်လို့ ဖော်ပြထားပါတယ်။   

အဲဒီ Facebook စာမျက်နှာဟာ ပြုပြင်ဖန်တီးထားတယ်ဆိုတဲ့ ဖော်ပြချက်နဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဓာတ်ပုံတွေကို ထပ်ခါထပ်ခါ မျှဝေလေ့ရှိပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ Facebook ပိုစ့် (ဘယ်) ကို 'Joemar Sombero' မျှဝေထားတဲ့ ဓာတ်ပုံတွေနဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Google Maps က ဂျမေကာနိုင်ငံ၊ Black River မြို့ရဲ့  ဂြိုဟ်တုမြင်ကွင်းဟာလည်း မှားယွင်းပျံ့နှံ့နေတဲ့ဓာတ်ပုံရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ခြားနားနေတာကို တွေ့ရပါတယ်။ (Archived link

ဂြိုဟ်တုမြင်ကွင်းဓာတ်ပုံမှာတွေ့ရတဲ့ Black River မြို့ဟာ AI ဖန်တီးမှုဓာတ်ပုံနဲ့ မတူဘဲ မြစ်ရဲ့ ညာဘက်ခြမ်းမှာ ဖွံ့ဖြိုးမှု မရှိသလောက်နည်းပါးပြီး ဘယ်ဘက်ခြမ်းမှာတော့ အဆောက်အအုံတွေ ပိုမိုထူထပ်ပါတယ်။  

ကမ်းနှစ်ဘက်ကို ပိုင်းခြားထားတဲ့မြစ်ဟာလည်း ကွေ့ကောက်နေတဲ့ AI ဖန်တီးမှုဓာတ်ပုံကမြစ်နဲ့ နှိုင်းယှဥ်ပါက ပိုမိုဖြောင့်တန်းပြီး ကျဥ်းမြောင်းပါတယ်။   

 AI နည်းပညာဟာ အလျင်အမြန်တိုးတက်နေပေမယ့် AI နဲ့ဖန်တီးထားတဲ့ အကြောင်းအရာတွေမှာတော့  ချို့ယွင်းချက်တွေရှိနေဆဲဖြစ်ပါတယ်။ အဲဒီကွဲလွဲချက်တွေဟာ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတွေရဲ့ အထင်ရှားဆုံး လက္ခဏာတွေပဲဖြစ်ပါတယ်။  

Image
Google Maps ရဲ့ ဂြိုဟ်တုမြင်ကွင်းဓာတ်ပုံ (ဘယ်) ကို AI ဖန်တီးမှုဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားပြီး ရုပ်ပုံကွဲလွဲချက်တွေကို AFP ကမြင်သာအောင် အမှတ်အသားပြုထား

AFP က ဟာရီကိန်း မယ်လစ်ဆာနဲ့ ပတ်သက်တဲ့ အခြားသောမှားယွင်းပြောဆိုမှုတွေကိုလည်း ဒီလင့်ခ့်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်