အထောက်အထားမဲ့ဆေးမြီးတိုနဲ့ ဆီးချို၊ သွေးတိုးကုသနိုင်တယ်ဆိုတဲ့ပို့စ်တွေ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 နိုဝင်ဘာ 2025 အချိန် 09h33
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ရှားစောင်းနဲ့ တောကြက်ဥကို ရောပြီးသောက်သုံးခြင်းက ဆီးချိုနဲ့ သွေးတိုးကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်ပိုစ့်တွေဟာ သိပ္ပံနည်းကျအထောက်အထားမရှိဘူးလို့ ကျန်းမာရေးပညာရှင်တွေက ငြင်းဆိုလိုက်ပါတယ်။ အထောက်အထားမရှိတဲ့ ဆေးမြီးတိုတွေကို မှီဝဲခြင်းက မှန်ကန်တဲ့ ကုသခံယူမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကို လတ်တလောမှာ အမြစ်ပြတ်ပျောက်ကင်းစေနိုင်တဲ့ ကုထုံးမရှိသေးပေမယ့် ဆေးဝါးတွေနဲ့ ကျန်းမာစွာနေထိုင်စားသုံးခြင်းတွေက ရောဂါကိုထိန်းချုပ်နိုင်ပါတယ်။  

"လူလေး အမေရောဂါ ဆီးချို ၊ သွေးတိုး တို့ကိုဗမာတောကြက်ဥ ရှားဇောင်းလက်ပတ်တို့ကလက်တွေ့ကျကျသက်သာပျောက်ကင်းသွားပါပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်က မျှဝေထားတဲ့ ဒီ TikTok ဗီဒီယိုမှာ တစိတ်တပိုင်းရေးသားထားပါတယ်။  

ရှားစောင်းအနှစ်နဲ့ တောကြက်ဥကိုရောပြီး တစ်ပတ်လျှင် နှစ်ကြိမ်သောက်သုံးဖို့လည်း မှားယွင်းစွာ အကြံပြုထားပါတယ်။  

အဲဒီပိုစ့်မှာ ရှားစောင်းပင်တစ်ပင်နဲ့ အဖြူရောင် ဥရှစ်လုံးရဲ့ ဓာတ်ပုံကို ထည့်သွင်းထားပြီး ပုံမှန်သောက်သုံးပါက သိသာတဲ့ရလဒ်ကို တွေ့ရမယ်လို့လည်း ဆိုပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်က ရယူထားတဲ့ မှားယွင်း TikTok ဗီဒီယိုရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook မှာ ပျံ့နှံ့နေပါတယ်။  

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်တွေလွန်ကဲပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံပြဿနာနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာပြဿနာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ (Archived link

သွေးတိုးရောဂါကတော့ ခန္ဓာကိုယ်ရဲ့သွေးကြောတွေထဲမှာ ဖိအားမြင့်တက်တာဖြစ်ပြီး ကုသမှုမခံယူပါက ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (Archived link

သွေးတိုးနဲ့ ဆီးချိုရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အခြားဆေးမြီးတိုတွေကိုလည်း AFP က အချက်အလက်စိစစ်ထားပါတယ်။  

ရှားစောင်းလက်ပတ်ကိုစားသုံးခြင်းက ဆီးချိုဝေဒနာရှင်တွေမှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်တယ်ဆိုတဲ့ သုတေသနပြုချက်မျိုး အနည်းငယ်သာရှိသေးတယ်လို့ အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းက ဆိုပါတယ်။ (Archived link

မြန်မာကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ Country Manager ဒေါက်တာ သူရိန်လှိုင်ဝင်းက ရှားစောင်းနဲ့ ကြက်ဥကိုရောသောက်ခြင်းက ဆီးချိုနဲ့ သွေးတိုးရောဂါပျောက်ကင်းစေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုအတွက် သိပ္ပံနည်းကျ သက်သေအထောက်အထားမရှိဘူးလို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်က အီးမေးလ်ကနေတဆင့် AFP ကို ပြောပါတယ်။ (Archived links here and here)  

ဆီးချိုနဲ့ သွေးတိုးဝေဒနာရှင်တွေဟာ ညွှန်ကြားထားတဲ့ ဆေးဝါးတွေကိုသာမှီဝဲသင့်ပြီး သင့်တင့်မျှတစွာစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်တာအပြင် စိတ်ဖိစီးမှုလျှော့ချတဲ့ နည်းလမ်းတွေစတဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်လို့ သူကဆိုပါတယ်။  

Image
ကမ္ဘာ့ဘဏ်မှ စုစည်းထားသော အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်၏ အချက်အလက်များအရ အသက် ၂၀ မှ ၇၉ နှစ်အကြား ကမ္ဘာတစ်ဝှမ်း ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို နိုင်ငံအလိုက် ပြသထားသောမြေပုံ (AFP / Kenan AUGEARD, Sabrina BLANCHARD)

ဟောင်ကောင်တက္ကလိုလ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးပညာဌာနရဲ့ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူသင်းဇော်ကလည်း မှားယွင်းဖော်ပြထားတဲ့ ဆေးမြီးတိုက ဆီးချိုနဲ့ သွေးတိုးကို ကုသနိုင်တယ်ဆိုတဲ့ "သိပ္ပံနည်းကျ ခိုင်မာတဲ့ အထောက်အထားမရှိဘူး" လို့ဆိုပါတယ်။ (Archived link

"ဆေးမြီးတိုတွေကို အားထားတာက မှန်ကန်တဲ့ကုသမှုတွေခံယူဖို့ နှောင့်နှေးစေနိုင်တဲ့အပြင်  ကြက်ဥအစိမ်းနဲ့ ရှားစောင်းကို ပမာဏအများကြီးသောက်သုံးမိပါက အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ ဒါမှမဟုတ် ပိုးဝင်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လို့  အန္တရာယ်များတယ်" ဆိုပြီး သူမက AFP ကိုပြောပါတယ်။  

သူမက ဆီးချို၊ သွေးတိုးဝေဒနာရှင်တွေကို ဆရာဝန်ရဲ့ ကုသမှုတွေကိုလိုက်နာဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသုံးဖို့၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့နဲ့ ပုံမှန်စစ်ဆေးမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။   

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဆီးချိုနဲ့ သွေးတိုးရောဂါရှိသူတွေဟာ ဆေးဝါးကုသမှုနဲ့ ညီညွတ်မျှတစွာနေထိုင်စားသုံးခြင်းက ရောဂါရဲ့အခြေအနေကို ထိန်းချုပ်နိုင်တယ်လို့ အကြံပြုထားပါတယ်။ (Archived links here and here

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်