ကမ္ဘောဒီးယားက မူးယစ်ဆေးဖမ်းဆီးမှုဗီဒီယိုကို မြန်မာကျားဖြန့်ဖြိုခွင်းမှုဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 နိုဝင်ဘာ 2025 အချိန် 08h23
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း

ထိုင်းနိုင်ငံနယ်စပ်က အွန်လိုင်းငွေလိမ်လည်မှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်အဆောက်အအုံတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့နောက် မြဝတီမြို့က ကျားဖြန့်ရုံတစ်ခု အဖမ်းခံရတဲ့ဗီဒီယိုဆိုပြီး ဗီဒီယိုတစ်ခုမှားယွင်းပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံက မူးယစ်ဆေးဝါးဆိုင်ရာဖမ်းဆီးမှုတစ်ခုကဖြစ်တယ်လို့ ဖနွမ်းပင် အခြေစိုက် AFP သတင်းထောက်တစ်ဦးက အတည်ပြုထားပါတယ်။

"ယနေ့ ၂၀-၁၀-၂၀၂၅ မြဝတီမှာတည်ရှိတဲ့ ကျာဖြန်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီး ရုပ်သံ" (မူရင်းအတိုင်း) ဆိုပြီး အောက်တိုဘာလ ၁၀ ရက်ကမျှဝေထားတဲ့ Facebook ဗီဒီယိုမှာ ရေးသားထားပါတယ်။  

မျှဝေမှုအကြိမ်ရေ ၁,၅၀၀ ကျော်ရှိတဲ့ ဗီဒီယိုထဲမှာ လက်တွေချုပ်နှောင်ခံထားရတဲ့ လူတစ်အုပ်ကို ရဲတပ်ဖွဲ့ဝင်တွေက အဆောက်အဦးတစ်ခုထဲကနေ ခေါ်ထုတ်နေတာကို တွေ့ရပါတယ်။  

Starlink ဂြိုလ်တုအင်တာနက်ကိရိယာတွေကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ငွေကြေးလိမ်လည်မှုရာဇဝတ်လုပ်ငန်းတွေက အသုံးပြုနေတာကို AFP သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့တဲ့နောက် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အဆောက်အအုံတွေကို စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီး Starlink ဂြိုလ်တုအင်တာနက်ကိရိယာတွေကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက် ဒီမှားယွင်းပြောဆိုမှုတွေ အခုလိုပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ (Archived link

ကိုဗစ်ကပ်ဘေးကြောင့် ကာစီနိုလုပ်ငန်းတွေ ရပ်တန့်ခဲ့စဥ်ကတည်းက ပြည်တွင်းစစ်မီးနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ မြန်မာ့နယ်စပ်မှာ နိုင်ငံခြားသားတွေကို စီးပွားရေး သို့မဟုတ် အချစ်ရေးမက်လုံးတွေနဲ့ လိမ်လည်တဲ့ ကျားဖြန့်ခေါ်  အင်တာနက်ငွေလိမ်မှုလုပ်ငန်းတွေ ကြီးဆိုးခဲ့ပါတယ်။ 

ဒီလုပ်ငန်းတွေမှာလုပ်ကိုင်ကြသူအချို့ဟာ လူကုန်ကူးခံရသူတွေဖြစ်သလို ငွေအရလွယ်တဲ့လုပ်ငန်းမှာ ကိုယ်ပိုင်သဘောဆန္ဒအလျောက် ဝင်ရောက်လုပ်ကိုင်နေသူတွေလည်းရှိတယ်လို့ သိရှိနားလည်သူတွေကပြောပါတယ်။  

မြဝတီမြိုက ကျားဖြန့်အလုပ်ရုံစီးနင်းခံရပြီးနောက် တရုတ်လူမျိုးအများစုဖြစ်ကြတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁,၀၀၀ ကျော် ထိုင်းနိုင်ငံထဲ ဝင်ရောက်တိမ်းရှောင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ (Archived link) 

Image
နိုဝင်ဘာလ ၆ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook နဲ့ YouTube တွေမှာလည်း မျှဝေထားပါတယ်။  

ဒါပေမဲ့ ဒါဟာ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းဖြိုခွင်းမှုတွေကမဟုတ်ပါဘူး။  

Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဆင်တူ TikTok ဗီဒီယိုတစ်ခုကို ကမ္ဘောဒီးယားအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Fresh News Daily က အောက်တိုဘာ ၁၆ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)  

"မူးယစ်ဆေးဝါးထိန်းချုပ်ရေးတပ်ဖွဲ့မှ အဆောက်အအုံတစ်ခုအားဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသား၊အမျိုးသမီးအများအပြားအား ဖမ်းဆီးခဲ့" ဆိုပြီး ခမာဘာသာစကားနဲ့ စာသားဖော်ပြထားပါတယ်။ ဒီဖမ်းဆီးမှုဟာ ကမ္ဘာဒီးယားမြို့တော်ဖနွမ်းပင် ရဲ့ Chamkar Mon ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။  

Image
မှားယွင်းပို့စ်က ဗီဒီယို (ဘယ်) ကို Fresh News Daily ရဲ့ TikTok ဗီဒီယို (ညာ) နဲ့ Screenshot နှိုင်းယှဥ်မှု

Khmer Times ကလည်း ဒီဖမ်းဆီးမှုကဓာတ်ပုံတွေကို ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပြီး လူ ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။ (Archived link

ဒီမူးယစ်ဆေးဖမ်းဆီးမှုကို သတင်းလိုက်ယူခဲ့တဲ့ AFP သတင်းထောက်ကလည်း ဒီဗီဒီယိုကို ဖနွမ်းပင်မှာ ရိုက်ကူးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။  

ဒါအပြင် ဗီဒီယိုထဲမှာမြင်ရတဲ့ အဆောက်အအုံတစ်ခုဟာလည်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှာ ရိုက်ကူးထားတဲ့ ဖနွမ်းပင်မြို့က Google Street View ဓာတ်ပုံနဲ့ ကိုက်ညီနေပါတယ်။ (Archived link)

Image
မှားယွင်းပိုစ့်က ဗီဒီယို (ဘယ်) ကို Google Street View ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားပြီး တူညီတဲ့အဆောက်အအုံတစ်ကို AFP က အမှတ်အသားပြုလုပ်ထား

မြန်မာနိုင်ငံအတွင်းက ငွေကြေးလိမ်လည်မှုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်