ဖိလစ်ပိုင်က တိုင်ဖွန်း Kalmaegi ရဲ့ အပျက်အစီးတွေဆိုပြီး AI ဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 နိုဝင်ဘာ 2025 အချိန် 10h49
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Pasika KHERNAMNUOY, Purple ROMERO, Lucille SODIPE, AFP ဖိလစ်ပိုင်, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
တိုင်ဖွန်း Kalmaegi ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသတွင်း စံချိန်တင်မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တဲ့နောက် မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ အိမ်တွေဆိုပြီး AI ဓာတ်ပုံတစ်ပုံကို မှားယွင်းမျှဝေနေကြပါတယ်။ ဒီဓာတ်ပုံကို Google AI နဲ့ပြုလုပ်ထားပြီး ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ဖန်တီးထားတဲ့ရုပ်ပုံတွေမျှဝေလေ့ရှိတဲ့ လူမှုကွန်ရက် စာမျက်နှာတစ်ခုက ပထမဆုံး မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
"တိုင်ဖွန်း Tino ကြောင့် စီဘူး (Cebu) တွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား၊ လူနေရပ်ကွက်များ လုံးဝပျက်စီး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။
"ပုံကAIမဟုတ်ပါ။" (မူရင်းအတိုင်း) ဆိုပြီးလည်း ရေးသားထားပါတယ်။
ဓာတ်ပုံမှာ ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ ရေလွှမ်းမိုးနေတဲ့လမ်းတွေနဲ့ အမြစ်ကကျွတ်ထွက်နေတဲ့ သစ်ပင်တွေကို တွေ့ရပါတယ်။
ယခုနှစ်အတွင်း လူအသေအပျောက်အများဆုံး မုန်တိုင်းတွေထဲကတစ်ခုဖြစ်တဲ့ တိုင်ဖွန်း Kalmaegi (ဒေသအခေါ် တိုင်ဖွန်း Tino) ဟာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသတစ်လျှောက် ဝင်ရောက်တိုက်ခတ်ဖျက်ဆီးခဲ့တဲ့နောက် ဒီမှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာခဲ့ပါတယ်။ (Archived link)
မုန်တိုင်းကြောင့် လူပေါင်း ၁၈၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၃၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ မြန်မာနိုင်ငံအပြင် ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လူမှုကွန်ရက်တွေမှာပါ ပျံ့နှံ့ခဲ့ပါတယ်။
မုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး အိမ်စီးကား၊ ထရပ်ကားတွေနဲ့ သင်္ဘောကွန်တိန်နာတွေပါ ရေစီးနဲ့မျောပါခဲ့ပေမယ့် အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံက မုန်တိုင်းတိုက်ခတ်ပြီးနောက် အခြေအနေမဟုတ်ပါဘူး။
ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Google က ဒီဓာတ်ပုံကို "Made with Google AI" ဆိုပြီး သတိပေးဖော်ပြထားတာ တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ Google ရဲ့ DeepMind AI lab ဟာ SynthID နည်းပညာကို အခြေခံပြီး AI ဖန်တီးမှုဓာတ်ပုံတွေကို ခြေရာခံနိုင်ပါတယ်။ (Archived links here and here)
အဓိကစကားလုံးတွေနဲ့ ထပ်မံရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဓာတ်ပုံကို "ပညာရေးနှင့် အသိပညာဖြန့်ဖြူးရေးသာလုပ်ဆောင်ရန်ရည်ရွယ်ပြီး AI ပြုလုပ်ချက် ပုံရိပ်တွေကိုဖန်တီးသည်" ဆိုတဲ့ စာသားနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်ကို တွေ့ခဲ့ရပါတယ်။ (Archived link)
"ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေများကြောင့် ဖြစ်ပေါ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကို တုပထားသည့် ပုံရိပ်များကို သည်ပိုစ့်တွင် အသုံးပြုထားပါသည်။ ဖိလစ်ပိုင် လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ္တဗေဒ ဝန်ဆောင်မှုဌာန (PAGASA) ၏ တရားဝင်ထုတ်ပြန်ချက်များ၊ NDRRMC နှင့် ဒေသအာဏာပိုင်များ၏ အတည်ပြုထားသော သတင်းအချက်အလက်များကိုသာ အစဥ်အမြဲအားထားပါရန်" ဆိုပြီးလည်းရေးသားထားပါတယ်။
မျှဝေသူရဲ့ ကိုယ်ရေးအကျဉ်းမှာလည်း AI ရုပ်ပုံဖန်တီးသူအဖြစ် ဖော်ပြထားပါတယ်။
ကိုယ်လက်အင်္ဂါ ပုံသဏ္ဌာန် ပျက်ယွင်းနေတဲ့သူတွေလိုမျိုး ရုပ်ပုံကွဲလွဲချက်တွေက ဓာတ်ပုံဟာ AI နဲ့ဖန်တီးထားတယ်ဆိုတာကို သိသာစေပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပေါ်ပေါက်လာတဲ့ AI ဖန်တီးမှုဓာတ်ပုံတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်