ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ဓာတ်ပုံကို LA တောမီးမှာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်ဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 ဖေဖော်ဝါရီ 2025 အချိန် 10h21
- ဖတ်ရန် ကြာချိန် 4 မိနစ်
- Chayanit ITTHIPONGMAETEE, Monique NGO MAYAG, AFP ထိုင်း, AFP ဆီနီဂေါ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အမေရိကန်နိုင်ငံမှာ တောမီးအကြီးကျယ်လောင်ကျွမ်းမှုကြောင့် လူနေအိမ်များပါ အကြီးကျယ် မီးလောင်ပျက်စီးနေပြီး ထိုအထဲမှ ထူးခြားဖွယ် အိမ်ကလေးတစ်လုံးမှာ အိမ်ရှင်၏ မီးကွင်းဂါထာ ရွတ်ဖတ်မှုကြောင့်ကြောက်စရာ မီးဘေးမှလွတ်ခဲ့ရပုံကို အံ့အားသင့်ဖွယ်ဖော်ပြနေကြပါသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ ဝေဟင်ကရိုက်ယူထားတဲ့ ပြာပုံတွေကြားက မီးလောင်ကျွမ်းခြင်းမရှိဘဲ အကောင်းအတိုင်းကျန်နေခဲ့တဲ့ ခေါင်မိုးအနီနဲ့ အိမ်တစ်လုံးရဲ့ ဓာတ်ပုံကိုဖော်ပြထားပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေကို မြန်မာဘာသာအပြင် ခရစ်ယာန်ဘာသာဝင်အိမ်ပိုင်ရှင်တွေရဲ့ ကံတရားကြောင့် မီးသင့်ခြင်း မရှိခဲ့တဲ့အိမ်ဆိုပြီး အင်္ဂလိပ်၊ ပြင်သစ် နဲ့ အင်ဒိုနီးရှားဘာသာတွေနဲ့လည်း မျှဝေနေကြပါတယ်။
အချို့ပိုစ့်တွေမှာလည်း အိမ်ပိုင်ရှင်တွေကို မွတ်စလင်ဘာသာယုံကြည်သက်ဝင်သူတွေအဖြစ် မှားယွင်းဖော်ပြနေကြပါတယ်။
ဒါအပြင် ကြေးစားနပန်းသမားဂျွန်စီနာရဲ့အိမ်ဆိုတဲ့ ခိုင်လုံမှုမရှိတဲ့ပြောဆိုမှုတွေနဲ့ ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း တွေ့နိုင်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ ဧက ၄၀,၀၀၀ (၁၆,၀၀၀ စတုရန်းမီတာ) ခန့်ကို ဖျက်ဆီးလောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၂၇ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ (Archived link)
စွမ်းအင်လက်နက် ကြောင့် ဒါမှမဟုတ် "smart city" တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ချက်နဲ့ အာဏာပိုင်တွေက တမင်တကာရှို့ပါတယ်ဆိုတဲ့ အချက်အလက်မှားတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။
ထိန်းချုပ်ရှို့မီးတွေကြောင့် တောမီးလောင်တာမျိုးတွေရှိပေမယ့် ပုံမှန်အားဖြင့် တောမီးတွေက သဘာဝအတိုင်းလောင်ကျွမ်းလေ့ရှိပြီး သဘာဝပတ်ဝန်းကျင်ဘဝစက်ဝန်းရဲ့ အရေးပါတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။
မြို့ပြဧရိယာတွေတိုးပွားလာခြင်းက လူသားတွေအတွက် ထိခိုက်နစ်နာစေနိုင်တဲ့အပြင် လောင်စာဆီတွေကို မဆင်မခြင်သုံးစွဲမှုတွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့က ဖျက်အားပြင်းတောမီးတွေကို ပိုမိုဖြစ်ပေါ်လာနိုင်စေပါတယ်။
လောစ့်အိန်ဂျလိစ်တောမီးကနေ လွတ်မြောက်ခဲ့တဲ့ အိမ်တွေရှိခဲ့တယ်ဆိုပြီး သတင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် လတ်တလော လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့အိမ်နဲ့ ပုံစံတူတဲ့ သတင်းဖော်ပြချက်မျိုးကို AFP အနေနဲ့ တွေ့ရှိခဲ့ရခြင်းမရှိပါဘူး။ (Archived links here, here and here)
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်က လောစ့်အိန်ဂျလိစ်မြို့ကို ရဟတ်ယာဉ်နဲ့ လှည့်လည်ကြည့်ရှုစဥ် အဲဒီမှားယွင်းပျံ့နှံ့နေတဲ့ ဓာတ်ပုံထဲကအိမ်မျိုး မတွေ့ခဲ့ရဘူးလို့ AFP ရဲ့ သတင်းဓာတ်ပုံဆရာ David Swanson ကဆိုပါတယ်။
Google AI ပြုလုပ်ချက်
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေပြီး "About this image" နေရာကိုနှိပ်လိုက်ရာ "Made with Google AI" ဆိုတဲ့ ဖော်ပြချက်တစ်ခု ထွက်ပေါ်လာပါတယ်။
ဒစ်ဂျစ်တယ်ရေစာဖန်တီးဖို့နဲ့ Google AI နဲ့ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ထုတ်ဖို့အတွက် Google ရဲ့ DeepMind AI lab ကနေပြီး SynthID လို့ခေါ်တဲ့ စနစ်တစ်ခုကို ၂၀၂၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ (Archived link)
"Chrome ဒါမှမဟုတ် အခြားရှာဖွေရေး အင်ဂျင်တစ်ခုခုမှာပါရှိတဲ့ 'About this image' ဆိုတဲ့ စာတန်းကို နှိပ်ရာကနေ ဓာတ်ပုံတစ်ခုလုံးဖြစ်ဖြစ် ဓာတ်ပုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် Google ရဲ့ AI ဆော့ဖ်ဝဲလ်နဲ့ ဖန်တီးထားတာကို အသုံးပြုသူတွေက စစ်ဆေးနိုင်ပါတယ်။"ဆိုပြီး ဝဘ်ဆိုဒ်မှာရေးသားထားပါတယ်။ (Archived link)
AFP ရဲ့မိတ်ဖက်ဖြစ်တဲ့ veraai.eu လို့ခေါ်တဲ့ ဥရောပအခြေစိုက် အချက်အလက်စိစစ်ရေးအဖွဲ့အစည်းကလည်း အဲဒီဓာတ်ပုံကို AI နည်းပညာနဲ့ဖန်တီးထားတာ ဖြစ်နိုင်တယ်ဆိုပြီး အကြံပြုထားပါတယ်။ ဒီဆောဖ့်ဝဲလ်က AI ဖန်တီးမှုရဲ့ တိကျတဲ့သဲလွန်စတွေကိုခြေရာခံပြီး စိစစ်ဖော်ထုတ်ပေးတာပဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Buffalo တက္ကသိုလ် Media Forensics Lab ရဲ့ ညွှန်ကြားရေးမှူး Siwei Lyu က သူတို့အဖွဲ့ရဲ့ DeepFake-O-Meter ဆော့ဖ်ဝဲလ်အရ အဲဒီဓာတ်ပုံကို "AI နဲ့ဖန်တီးထားတာ သေချာသလောက်ရှိတယ်" ဆိုပြီး AFP ကိုမျှဝေခဲ့ပါတယ်။ (Archived links here and here)
Drexel တက္ကသိုလ် လျှပ်စစ်နှင့် ကွန်ပျူတာဆိုင်ရာ တွဲဖက်ပါမောက္ခ Matthew Stamm ကသူ့အဖွဲ့ရဲ့ ပြုပြင်ဖန်တီးမီဒီယာဖော်ထုတ်မှု algorithm ကိုသုံးပြီး ဒီဓာတ်ပုံကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ဒီ algorithm က ဓာတ်ပုံရဲ့ အရင်းအမြစ်ကနေ ချန်ရစ်ခဲ့တဲ့ မျက်စိနဲ့မြင်နိုင်စွမ်းမရှိတဲ့ အသေးစိတ်သဲလွန်စတွေကို ရှာဖွေဖော်ထုတ်ပေးပါတယ်။ (Archived link)
"ကျွန်တော်တို့ရဲ့ စမ်းသပ်စစ်ဆေးမှုအရ ဒီဓာတ်ပုံကို ပြုပြင်ဖန်တီးထားတယ်ဆိုတဲ့ သဲလွန်စတွေ တွေ့ရပါတယ်။" ဆိုပြီး သူက AFP ကိုပြောပါတယ်။
"ကျွန်တော်တို့ရဲ့ algorithm ကနေပြီး ဓာတ်ပုံအစစ်အမှန်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ရုပ်ပုံတသမတ်မရှိမှုတွေတွေ့ရပြီး AI နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။"
California-Berkeley တက္ကသိုလ်ရဲ့ မီဒီယာမှုခင်းဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်တဲ့အပြင် deepfake နည်းပညာစုံစမ်းစစ်ဆေးရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ GetReal Labs ရဲ့တွဲဖက်တည်ထောင်သူတစ်ဦးလည်းဖြစ်တဲ့ Hany Farid က သူတို့အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး ဆောဖ့်ဝဲလ်တွေသုံးပြီးရှာဖွေဖော်ထုတ်ရာ "AI အထူးပြုလုပ်ချက်ရဲ့ အထောက်အထားတွေ" တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ (Archived link)
ဟာဝိုင်အီကအိမ်
မှားယွင်းဖြန့်ဝေနေကြတဲ့ဓာတ်ပုံဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ဟာဝိုင်အီတောမီးလောင်ကျွမ်းမှုအတွင်း မီးမသင့်ဘဲ ကျန်ရစ်ခဲ့တဲ့ အိမ်တစ်လုံးနဲ့ တော်တော်လေးဆင်တူနေတာကို တွေ့ရပါတယ်။ အဲဒီအိမ်ရဲ့ ဓာတ်ပုံကိုအသုံးပြုပြီးတော့ပဲ AI အထူးပြုလုပ်ချက်နဲ့ မှားယွင်းတဲ့ပုံကို ပြုပြင်ဖန်တီးထားတယ်လို့ယူဆရပါတယ်။
AFP ကသတင်းဓာတ်ပုံဆရာ Patrick Fallon ရဲ့ ဟာဝိုင်အီပြည်နယ်၊ Lahaina မှာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကိုလည်း LA တောမီးလောင်ကျွမ်းမှုက မွတ်ဆလင်ဘာသာဝင်တစ်ဦးပိုင်ဆိုင်တဲ့အိမ်ဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေခဲ့ကြပါတယ်။
အောက်မှာ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံ (ဘယ်) နဲ့ ဟာဝိုင်အီတောမီးလောင်ကျွမ်းမှုကကျန်ရစ်ခဲ့တဲ့အိမ်ကို ရိုက်ကူးထားတဲ့ Fallon ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်