![](/sites/default/files/medias/factchecking/g2/2025-02/86ddae63fd6c7a358a04eb57e4d520e6.jpeg)
ခွေးရူးပြန်ရောဂါကို ကြက်ဟင်းခါးရွက်နဲ့ ကုသနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုဟာ 'အန္တရာယ်ဖြစ်စေနိုင်တယ်'လို့ ကျွမ်းကျင်သူတွေဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဖေဖော်ဝါရီ 2025 အချိန် 09h45
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က မျှဝေထားတဲ့ ဒီပို့စ်မှာ ရေးသားထားပါတယ်။
"အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထားရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။ ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။ နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ခွေးတစ်ကောင်ရဲ့ ဓာတ်ပုံအပြင် အရှေ့တောင်အာရှနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ ကြက်ဟင်းခါးပင်ရဲ့ ဓာတ်ပုံတွေကို ဒီပို့စ်မှာ မျှဝေထားပါတယ်။
![](/sites/default/files/styles/image_in_article/public/medias/factchecking/g2/2025-02/60bb52f3574ec5087e1b785d07878c26.jpeg?itok=J4G69ZPY)
၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက ဆရာဝန်၊ သူနာပြုအတော်များများ ရုံးမတက်ရေးဆန္ဒပြမှုတွေပြုလုပ်ခဲ့တဲ့နောက် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုစနစ်ပြိုလဲမှုတွေ ကြုံတွေ့နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ Facebook စာမျက်နှာတွေမှာ ဒီမှားယွင်းပြောဆိုမှုဟာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ (Archived link)
မြန်မာနိုင်ငံရဲ့ လစ်ဟာနေတဲ့ ကျန်းမာရေးစနစ်ကြောင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်မှားတွေ ပျံ့နှံ့မှုများပြားနေပြီး ပြည်သူတွေဟာ ခွေးရူးပြန်ရောဂါအပါအဝင် အခြားရောဂါကုသရေးတွေအတွက် ဆေးမြီးတိုတွေကို မှီခိုနေကြရပါတယ်။
'အန္တရာယ်များတဲ့ ပြောဆိုမှု'
ခွေးရူးပြန်ရောဂါကို ကြက်ဟင်းခါးရွက်နဲ့ ကုသနိုင်တယ်ဆိုတာ 'အန္တရာယ်များတဲ့' ပြောဆိုမှုဖြစ်တယ်လို့ ဟောင်ကောင်တက္ကလိုလ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးပညာဌာနရဲ့ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူသင်းဇော်က AFP ကို ပြောပါတယ်။ (Archived link)
"ဒီဗိုင်းရပ်စ်ရောဂါဟာ ရောဂါလက္ခဏာတွေပြပြီဆိုတာနဲ့ သေဆုံးနိုင်ခြေများပါတယ်" လို့ သူက၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှာ ပြောပါတယ်။
"ရောဂါပိုးနဲ့ မထိတွေ့ခင် ဒါမှမဟုတ် ထိတွေ့ပြီးတပြိုက်နက် ကာကွယ်ဆေးထိုးခြင်းတစ်ခုတည်းကသာ ဒီရောဂါကူးစက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်" လို့ Chinese University of Hong Kong၊ JC School of Public Health and Primary Care ရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ ဒေါက်တာ ဟိန်းမင်းထွန်းက AFP ကို ပြောပါတယ်။ (Archived link)
ခွေးကိုက်ခံရတာ ဒါမှမဟုတ် သွား၊ လက်သည်းတို့နဲ့ ခြစ်မိတာက လူတွေမှာ ခွေးရူးပြန်ရောဂါကူးစက်စေမှုရဲ့ အဓိကတရားခံဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဆိုပါတယ်။ ဒါပေမဲ့ ဒီရောဂါကို ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်းနဲ့ ခွေးကိုက်ခံရမှုမှရှောင်ကျဥ်ခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။ (Archived link)
ခွေးရူးပြန်ရောဂါကူးစက်ခံထားရနိုင်တဲ့ တိရိစ္ဆာန်ရဲ့ အကိုက်ခံရတာ ဒါမှမဟုတ် သွား၊ လက်သည်းတို့နဲ့ ခြစ်မိပြီဆိုတာနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကို ချက်ခြင်းရယူသင့်တယ်လို့ WHO က ဆိုပါတယ်။
မြန်ဆန်တဲ့ post exposure prophylaxis လို့ခေါ်တဲ့ ဒဏ်ရာကို ဆေးကြောခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်းနဲ့ လိုအပ်ပါက ခွေးရူးပြန် immunoglobulins ထိုးခြင်းတို့ကသာ ဒီဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်နဲ့ အာရုံကြောမကြီးရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်စေတာကို တားဆီးနိုင်မှာဖြစ်ပါတယ်။ (Archived link)
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်