LA မီးလောင်ကျွမ်းမှုကဆိုပြီး မီးလောင်ဒဏ်ရာနဲ့ကြောင်တစ်ကောင်ရဲ့ဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 ဖေဖော်ဝါရီ 2025 အချိန် 09h30
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ပြင်းထန်တဲ့ မီးတာက်များကြားတွင်မီးအပူလိုင်း များ ရိုက်ခက်မူကြောင့်မျက်လုံးနဲ့ အမွေးများ လောင်ကျွမ်းသွားသော်လည်း အသက်ရှင် ကျန်ရစ်ခဲ့တဲ့ကြောင်တကောင်ဖြစ်ပါတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်က ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
"အမေရိကန် လော့စ်အိန်ဂျယ် မီးပိုမို များလာ // မီးတောက်ကြားက လွတ်မြောက်လာတဲ့ ကြောင်တကောင်// LA ဥယာဥ်ကြီးထဲက သေဆုံးသွားတဲ့ သားကောင်များ သူတို့အဖြစ်ကို ကြည်ပြီး စိတ်မကောင်း။" (မူရင်းအတိုင်း)
မြင်သာတဲ့ မီးလောင်ဒဏ်ရာတွေနဲ့ မြေပြင်ပေါ်ထိုင်နေတဲ့ ကြောင်တစ်ကောင်ရဲ့ တူညီဓာတ်ပုံနှစ်ပုံနဲ့ တောင်ကုန်းပေါ်မီးလောင်နေတဲ့ ဓာတ်ပုံတွေကို ဒီပို့စ်မှာ မျှဝေထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကြီးမားတဲ့မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦး သေဆုံးခဲ့ကာ အိမ်ပေါင်း ၁၀,၀၀၀ ကျော် ပျက်စီးခဲ့တဲ့နောက် ဒီဓာတ်ပုံဟာ တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ပေါ်မှာ ပျံနှံ့ခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မီးလောင်ဒဏ်ရာတွေနဲ့ကြောင်ရဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှာ Getty Images ဓာတ်ပုံလိုင်စင်ရောင်းချရေး ဝဘ်ဆိုဒ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)
"Paradise၊ ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ ၁၁ ရက်။ ။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကယ်လီဖိုးနီးယာပြည်နယ်၊ Paradise မြို့ရှိ Bille လမ်းမအနီးမှ ကယ်ဆယ်ရေးလုပ်သားများက တွေ့ရှိခဲ့သည့် မီးလောင်ဒဏ်ရာများနှင့် ကြောင်တစ်ကောင် တိရိစ္ဆာန်ထိန်းချုပ်ရေးအဖွဲ့ ၏ကူညီမှုကို စောင့်ဆိုင်းနေပုံ။ ပျက်စီးဆုံးရှုံးမှုများသည့် Camp Fire မီးလောင်ကျွမ်းမှုတွင် လူ ၂၃ ဦး သေဆုံးခဲ့သည်" ဆိုပြီး ဓာတ်ပုံအညွှန်းစာ ပါရှိပါတယ်။
ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ သတင်းထောက် Jane Tyska ကို AFP က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ (Archived link)
"ဒီဓာတ်ပုံဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Paradise မြို့က တောမီးလောင်ကျွမ်းမှုမှာ ကျွန်မကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။" လို့ သူက ဇန်နဝါရီလ ၂၇ ရက်မှာ AFP ကို ပြောပါတယ်။ "လော့စ်အိန်ဂျလိစ်မြို့ မီးလောင်ကျွမ်းမှုတွေက မဟုတ်ပါဘူး။"
Camp Fire လို့အမည်တွင်တဲ့ မီးလောင်ကျွမ်းမှုဟာ လျင်မြန်တဲ့အရှိန်အဟုန်နဲ့ တောက်လောင်ခဲ့ပြီး ကယ်လီဖိုးနီးယာပြည်နယ်မြောက်ပိုင်းက Paradise မြို့ကို ထူထဲတဲ့ မီးခိုးတွေနဲ့ ဝါးမြိုခဲ့ပြီး ပြာကျစေခဲ့တယ်လို့ AFP က အဲဒီအချိန်တုန်းက သတင်းဖော်ပြခဲ့ပါတယ်။ (Archived link)
ဒီပို့စ်ထဲမှာပါတဲ့ နောက်ထပ်ဓာတ်ပုံတစ်ခုကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ယခင်မီးလောင်ကျွမ်းမှုကဓာတ်ပုံကို မှားယွင်းဖော်ပြထားတာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်က Associated Press ဝဘ်ဆိုဒ်မှာ မျှဝေထားတဲ့ ဓာတ်ပုံကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။ (Archived link)
"၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် ရိုက်ကူးထားသည့် long exposure ဓာတ်ပုံတွင် Lassen ကောင်တီရှိ Milford မြို့အနီး Dixie မီးလောင်ကျွမ်းနေချိန်တွင် တောင်စောင်းတစ်လျှောက်တွေ့ရတဲ့ မီးတောက်မီးလျှံများ" ဆိုပြီး ဓာတ်ပုံအညွှန်းစာမှာ တစ်စိတ်တစ်ပိုင်း ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယာမြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ Dixie မီးလောင်ကျွမ်းမှုကြီးဟာ အဲဒီအချိန်က ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ (Archived link)
နောက်ဆုံးဓာတ်ပုံကတော့ လော့စ်အိန်ဂျလိစ်မီးလောင်ကျွမ်းမှုက အမှန်တကယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ AP က ဖော်ပြခဲ့ပါတယ်။ (Archived link)
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ LA တောမီးလောင်ကျွမ်းမှုနဲ့ သက်ဆိုင်တဲ့ အခြားသောမှားယွင်းပြောဆိုမှုတွေကို AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်