
ဂရင်းလန်နိုင်ငံက ဆူနာမီဗီဒီယိုဟောင်းကို ရုရှားငလျင်အဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 ဇူလိုင် 2025 အချိန် 03h53
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Devesh MISHRA, AFP အိန္ဒိယ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အရာအားလုံး အေးချမ်း ကြပါစေဗျာ ဂျပန် ဆူနာမီ စတင် ဝင်ရောက်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
လှိုင်းလုံးကြီးတွေ ကမ်းခြေကိုရိုက်ခတ်လာတာကြောင့် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ လူတွေရဲ့ ဗီဒီယိုနဲ့ အတူ လူနှစ်ယောက် ကမ်းစပ်ကိုရိုက်ခတ်လာတဲ့ လှိုင်းကြောင့် ထွက်ပြေးခဲ့ရတဲ့ ဗီဒီယိုကိုပါမျှဝေထားပါတယ်။
ပထမဗီဒီယိုကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

လူနေကျဲပါးတဲ့ ရုရှားနိုင်ငံအရှေ့ဖျားဒေသမှာ မှတ်တမ်းတွေအရ အပြင်းထန်ဆုံးစာရင်းဝင်တဲ့ ပြင်းအား ၈ ဒဿမ ၈ မဂ္ဂနီကျုငလျင် လှုပ်ခတ်ခဲ့ပြီး ပစိဖိတ်ဒေသတစ်လျှောက် လေးမီတာ (၁၂ ပေ) ရှိတဲ့ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီနောက်ဒီမှားယွင်းပြောဆိုမှုတွေပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)
ဂျပန်နိုင်ငံကနေ အမေရိကန်၊ အီကွေဒေါအထိ ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေက ကမ်းရိုးတန်းဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပေမဲ့ ဘေးအန္တရာယ်ကပ်ဆိုးကြီး ဖြစ်နိုင်ချေမရှိတော့ဘူးလို့ အတည်ပြုခဲ့တဲ့နောက် နေအိမ်ပြန်ခွင့်ရရှိခဲ့ပါတယ်။ (Archived link)
ရုရှားနိုင်ငံမှာလည်းငလျင်နဲ့ ဆူနာမီကြောင့် လူနေကျဲပါးတဲ့ အရှေ့ဖျားဒေသမှာ လူသေဆုံးမှုနဲ့ အပျက်အစီးကြီးကြီးမားမားမရှိခဲ့တဲ့အတွက် သတိပေးချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ (Archived link)
တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ Facebook နဲ့ TikTok စာမျက်နှာတွေအပြင် အိန္ဒိယနိုင်ငံမှာပါ ပျံ့နှံ့နေပါတယ်။
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဗီဒီယိုကို ဗြိတိန်အခြေစိုက် ဗီဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့ Newsflare ရဲ့ YouTube စာမျက်နှာပေါ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်က မျှဝေထားတာကိုတွေ့ရပါတယ်။ (Archived link)
"ဂရင်းလန်တွင် ဆူနာမီရေလှိုင်းများရိုက်ခတ်ရာ တံငါသည်များ ကံကောင်းထောက်မစွာ လွတ်မြောက်"ဆိုပြီး ခေါင်းစဥ်ပါရှိပါတယ်။

"ဒီဗီဒီယိုကို ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Licet Studios ကပံ့ပိုးပေးထားတာဖြစ်ပါတယ်"ဆိုပြီး Newsflare ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Tom Symes-Brown က AFP ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။ "ဗီဒီယိုကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှာ ရိုက်ကူးခဲ့တာကို အတည်ပြုပါတယ်။"
"ဂရင်းလန် ဆူနာမီ - တံငါသည်တွေ အသက်လုပြေးခဲ့ရ - Camera 3"ဆိုတဲ့ ခေါင်းစဥ်နဲ့ Licet Studios ရဲ့ YouTube စာမျက်နှာမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်က မျှဝေထားပါတယ်။ (Archived link)
၂၀၁၇ ခုနှစ်က ဂရင်းလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် လူလေးဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အဲဒီအချိန်ကထုတ်ပြန်ခဲ့ပြီး ဒေသခံအချို့ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ (Archived link)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လငလျင်နဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်