ဘင်္ဂလားဒေ့ရှ်တိုက်လေယာဥ်ပျက်ကျမှုကဆိုပြီး AI နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံတွေ မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2025 အချိန် 10h02
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Rasheek MUJIB, AFP ဘင်္ဂလားဒေ့ရှ်
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဒါကာက စာသင်ကျောင်းတစ်ခုပေါ် စစ်တပ်တိုက်လေယာဥ်တစ်စင်းပျက်ကျခဲ့ပြီး လူ ၃၁ ဦးသေဆုံးခဲ့တဲ့နောက်မှာ နိုင်ငံအတွင်းလူအသေအပျောက်အများဆုံး မတော်တဆမှုကဆိုပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ်မျှဝေနေကြပါတယ်။ ဒါပေမဲ့ အချို့ရုပ်ပုံတွေဟာ AFP ရဲ့ ဒီလေယာဥ်ပျက်ကျမှုဗီဒီယို၊ ဓာတ်ပုံတွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ ပြုလုပ်ထားတဲ့ သဲလွန်စတွေ တွေ့ရပါတယ်။  

"ဒါကာမြို့ Uttara ရပ်ကွက်က Milestone Collage ကျောင်းဝင်းထဲကို လေ့ကျင့်ရေးလေယာဥ်တစ်စင်းပျက်ကျ။ ရန်တွေတောင်တုန်လိုက်တာ" လို့ အဓိပ္ပါယ်ရတဲ့ ဘင်္ဂလီဘာသာစာသားနဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က Facebook ပို့စ်မှာ ဓာတ်ပုံနှစ်ပုံကို မျှဝေထားပါတယ်။  

ကိုယ်ပိုင်လေယာဥ်တစ်စင်း ကစားကွင်းတစ်ခုပေါ်မှာမီးလောင်ကျွမ်းနေပြီး ဘေးနားမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေကို လူတွေဝိုင်းကြည့်တဲ့မြင်ကွင်းနဲ့ ဓာတ်ပုံနှစ်ပုံကို တွေ့ရပါတယ်။  

ကျောင်းသားတွေကျောင်းဆင်းချိန်မှာ ဒါကာမြို့က ပုဂ္ဂလိကပိုင် Milestone School and College စာသင်ကျောင်းပေါ်ကို ဘင်္ဂလားဒေ့ရှ်တိုက်လေယာဥ်တစ်စင်း ပျက်ကျခဲ့တဲ့နောက်မှာ ဒီဓာတ်ပုံတွေကို မျှဝေထားကြပါတယ်။ (Archived link

ဒီလေယာဥ်ပျက်ကျမှုကြောင့် ကလေးငယ်အများစုဖြစ်တဲ့ အနည်းဆုံး လူ ၃၁ ဦးသေဆုံးခဲ့ပါတယ်။ ဒါအပြင် လူ ၁၇၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲက လူ ၆၉ ဦးဟာ ဒါကာမြို့က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။  

မီးခိုးတွေနဲ့အဆောက်အအုံပျက်ဘေး တိုက်လေယာဥ်တစ်စင်းပျက်စီးနေတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း "ဘင်္ဂလားဒေ့ရှ်မှာ လေ့ကျင့်ပျံသန်းနေတဲ့ တိုက်လေယာဉ်တစ်စီး ရုတ်တရက်ပျက်ကျခဲ့တဲ့အတွက် လူ ၁၉ ဦးသေဆုံးပြီး ၁၆၄ ဦးဒဏ်ရာရ" (မူရင်းအတိုင်း) ဆိုပြီး ဇူလိုင်လ ၂၂ ရက်မှာ မျှဝေထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နဲ့ ၂၄ ရက်တွေမှာ ရယူထားတဲ့ မှားယွင်းတဲ့ Facebook ပိုစ့်တွေရဲ့ Screenshot တွေကို AFP မှ X အမှတ်အသားတွေပြုလုပ်ထား

ဇူလိုင်လ ၂၁ ရက်က Facebook ပေါ်မျှဝေထားတဲ့ တိုက်လေယာဥ်တစ်စင်း ကျောင်းဆောင်တစ်ခုကို တိုက်မိခဲ့တာကိုပြတဲ့ ဗီဒီယိုဟာလည်း ကြည့်ရှုမှုအကြိမ်ရေ ၃၀၀,၀၀၀ ကျော်ရှိနေပါတယ်။  

"မတော်တဆမှုဖြစ်ပွားခဲ့ပုံ" ဆိုပြီး ဘင်္ဂလီဘာသာနဲ့ စာသားပါရှိပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က မှားယွင်းတဲ့ Facebook ပိုစ့်ရဲ့ Screenshot ကို AFP မှ X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီရုပ်ပုံ၊ ဗီဒီယိုတွေကို မြန်မာဘာသာအပြင် ထိုင်းမလေးဘင်္ဂလီစတဲ့ဘာသာတွေနဲ့ လည်း မျှဝေနေကြပါတယ်။  

ဒါတွေဟာ ဘင်္ဂလားဒေ့ရှ်တိုက်လေယာဥ်ပျက်ကျမှုက ရုပ်ပုံအစစ်အမှန်တွေမဟုတ်ပါဘူး။

AI နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံတွေ

အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာ ဇူလိုင် ၂၁ ရက် ဖြစ်ရပ်နောက်ပိုင်းရိုက်ကူးထားတဲ့ AFPဓာတ်ပုံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ (Archived link

AFP ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ ကျောင်းဆောင်တစ်ခုအတွင်း တိုက်လေယာဥ်တစ်စင်းရဲ့ အပျက်အစီးတွေအပြင် အဆောက်အအုံအနီးက မီးလောင်ကျွမ်းခဲ့တဲ့ လေယာဥ်ကိုယ်ထည်နဲ့ အင်ဂျင်ကို တွေ့ရပါတယ်။  

အခင်းဖြစ်ပွားရာနေရာကိုယ်တိုင်သွားရောက်ခဲ့တဲ့ AFP သတင်းဓာတ်ပုံဆရာကလည်း အွန်လိုင်းပေါ်ကဓာတ်ပုံတွေဟာ လေယာဥ်ပျက်ကျခဲ့တဲ့နေရာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ (Archived link

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ AFP ဓာတ်ပုံသတင်းထောက်တွေရိုက်ကူးထားတဲ့ လေယာဉ်ပျက်ကျရာနေရာ

မှားယွင်းမျှဝေထားတဲ့ ပထမဓာတ်ပုံနှစ်ပုံကို စစ်ဆေးကြည့်တဲ့အခါ ဇူလိုင် ၂၁ ရက်ကပျက်ကျခဲ့တဲ့ တိုက်လေယာဥ်နဲ့ အမျိုးအစားမတူတဲ့ ခရီးသည်တင်လေယာဥ်တစ်စင်း အဆောက်အအုံတွေရဲ့အဝေးမှာ မီးလောင်ကျွမ်းနေတာ တွေ့ရပါတယ်။  

ဒါအပြင် ဒီဓာတ်ပုံတွေထဲက အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ဘင်္ဂလားဒေ့ရှ်မီးသတ်တပ်ဖွဲ့ရဲ့ ဝတ်စုံနဲ့မတူတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားပါတယ်။ (Archived link

AI နဲ့ပြုလုပ်ထားကြောင်းသိသာစေတဲ့ ခြေလက်တွေပျောက်နေတဲ့ ပုံပန်းမကျတဲ့လူတွေ စတဲ့ ရုပ်ပုံကွဲလွဲချက်တွေကိုလည်း ဒီဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံတွေရဲ့ ရုပ်ပုံကွဲလွဲချက်တွေကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

အဆောက်အအုံတစ်ခုရဲ့ ခြံဝင်းထဲက တိုက်လေယာဥ်တစ်စင်းရဲ့ ဓာတ်ပုံမှာလည်း ရုပ်ပုံကွဲလွဲချက်တွေရှိနေပါတယ်။ ဒီဓာတ်ပုံထဲကလေယာဥ်ကိုယ်ထည်ဟာ သိပ်ပြီးအပျက်အစီးမရှိတဲ့အပြင် ဘေးမှာလည်း နောက်ထပ်လေယာဥ်တစ်စင်းရဲ့ အပျက်အစီးတွေကို တွေ့ရပါတယ်။  

ဒီဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကိုမျှဝေထားတဲ့အခြားပို့စ်တွေကို တွေ့ရပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရဲ့ "About this image" မှာ ရုပ်ပုံသမိုင်းကိုထပ်မံရှာဖွေကြည့်တဲ့အခါ Google ရဲ့ AI နည်းပညာနဲ့ ဒီဓာတ်ပုံကို ဖန်တီးထားကြောင်း တွေ့ရပါတယ်။  

၂၀၂၃ ခုနှစ်မှာ Google ရဲ့ DeepMind AI lab က ထုတ်လုပ်ခဲ့တဲ့ SynthID technology က AI နဲ့ပြုလုပ်ထားတဲ့ ရုပ်ပုံတွေကို စစ်ဆေးထုတ်ဖော်ပေးပါတယ်။ (Archived links here and here)   

Image
ဓာတ်ပုံဟာ Google AI နဲ့ဖန်တီးထားတယ်ဆိုတဲ့ ရည်ညွှန်းချက်ကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

ထိုနည်းတူစွာပဲ ဒါကာကျောင်းကိုဂျက်လေယာဥ်တိုက်မိတာကိုပြတဲ့ဗီဒီယိုမှာလည်း "Veo" ဆိုတဲ့ အမှတ်တံဆိပ်ကို ဗီဒီယိုရဲ့ ညာအောက်ဘက်မှာ တွေ့နိုင်ပါတယ်။  

Veo ဟာ Google ရဲ့ AI နည်းပညာကိုအသုံးပြုပြီး အသုံးပြုသူတွေကို ၈ စက္ကန့်ကြာ ယုတ္တိရှိတဲ့ဗီဒီယိုတွေဖန်တီးပေးပါတယ်။ မှားယွင်းဖော်ပြထားတဲ့ ဗီဒီယိုရဲ့ ကြာချိန်ဟာလည်း ၈ စက္ကန့်ဖြစ်ပါတယ်။ (Archived link

ဒါအပြင် ဗီဒီယိုထဲမှာ "Milestone" ကို "Milesttone" ဆိုပြီး သတ်ပုံမှားယွင်းဖော်ပြထားပါတယ်။  

Image
မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုမှာတွေ့ရတဲ့ ရေစာအမှတ်အသားနဲ့ စာလုံးပေါင်းမှန်ကန်မှုမရှိတာကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

လေယာဥ်ပျက်ကျမှုတွေရဲ့ အစစ်အမှန်ရုပ်ပုံတွေဆိုပြီး AI နဲ့ဖန်တီးထားတဲ့ ရုပ်ပုံ၊ ဗီဒီယိုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်