
ယူကရိန်းစစ်ပွဲကဗီဒီယိုတွေကို ထိုင်း-ကမ္ဘောဒီးယားတိုက်ပွဲကဆိုပြီး မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2025 အချိန် 08h43
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Harshana SILVA, AFP Thailand, AFP သီရိလင်္ကာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ကမ္ဘောဒီးယားက ထိုင်း F16 တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ကောင်းကင်ပေါ်ကလေယာဥ်တစ်စင်း အမြင့်ကနေရုတ်တရက် မြေပြင်ပေါ်ပျက်ကျခဲ့ရာကနေ ကြီးမားတဲ့မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကို ဒီဗီဒီယိုထဲမှာမြင်တွေ့ရပါတယ်။ တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို YouTube မှာလည်း မျှဝေထားပါတယ်။
ဒါအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပြတဲ့ အခြားဗီဒီယိုတစ်ခုကိုလည်း သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံတို့က Facebook နဲ့ X စာမျက်နှာတွေမှာလည်း မျှဝေနေကြပါတယ်။
"ထိုင်း-ကမ္ဘောဒီးယားတိုက်ပွဲတွေဟာ အခုအချိန်မှာပိုမိုပြင်းထန်နေပါတယ်။ ကမ္ဘာဒီးယားစစ်တပ်အခြေစိုက်စခန်းတွေ တိုက်ခိုက်ဖြိုခွင်းခံရ" လို့အဓိပ္ပါယ်ရတဲ့ တမီလ်ဘာသာစကားနဲ့ ဇူလိုင် ၂၄ ရက်က ပို့စ်မှာ မျှဝေထားပါတယ်။

လူပေါင်း ၄၀ ကျော်သေဆုံးစေခဲ့တဲ့ ၅ ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက် ထိုင်းနဲ့ ကမ္ဘာဒီးယားတို့ဟာ ဇူလိုင်လ ၂၉ ရက်မှာ စတင်တဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။ (Archived link)
ထိုင်း-ကမ္ဘာဒီးယားနယ်စပ်က ရှေးဟောင်းဘုရားကျောင်းကိုအခြေခံပြီး ကာလရှည်ကြာ အငြင်းပွားမှုတွေရဲ့ နောက်ဆုံးပေါ် တိုက်ပွဲတွေကြောင့် နှစ်ဘက်ပြည်သူပေါင်း ၃၀၀,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုနှစ်ခုဟာ ဒီတိုက်ပွဲတွေမတိုင်ခင်က ရိုက်ကူးထားတာဖြစ်ပါတယ်။
ယူကရိန်း သတင်းဖော်ပြမှု
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့အချက်အလက်ရှာဖွေကြည့်တဲ့အခါ တည်းဖြတ်ထားမှုမရှိတဲ့ ပထမဗီဒီယိုကို ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Pravda က၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"Kharkov မြို့မှ ပစ်မှတ်တစ်ခုအား Geranium UAV ဒရုန်း၏တိုက်ခိုက်မှု" ဆိုပြီး ခေါင်းစဥ်ဖော်ပြထားပါတယ်။ ဒီခေါင်းစဥ်ထဲကမြို့ဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ Kharkiv ကို ဆိုလိုတာဖြစ်ပါတယ်။

ထပ်မံပြီး အချက်အလက်ရှာဖွေကြည့်ရာမှာ "voenacher" ဆိုတဲ့နာမည်နဲ့ Telegram ချန်နယ်တစ်ခုက ဒီဗီဒီယိုကို မျှဝေထားပြီး ဒီတိုက်ခိုက်မှုရဲ့ တည်နေရာကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ မျှဝေထားတဲ့ နောက်ထပ်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ (Archived link)
Kharkiv မြို့က ကားရပ်နားကွင်းအနီးရှိ မြက်ခင်းပြင်တစ်ခုမှာတည်ရှိတဲ့ မီးခိုးခေါင်းတိုင်တစ်ခုကို ဒီဗီဒီယိုထဲမှာတွေ့ရသလို Google Maps ရဲ့ ဂြိုဟ်တုဓာတ်ပုံထဲမှာလည်း တွေ့ရပါတယ်။ (Archived link)

ဒုတိယဗီဒီယိုရဲ့ ရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ထိုင်းနဲ့ ကမ္ဘာဒီးယားတို့ကြား တိုက်ခိုက်မှုတွေမဖြစ်ပွားမီ တစ်လကျော် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်က Facebook ပို့စ်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"ဒါဟာ Lutsk မြို့ပါ။ ကျွန်တော်ဇနီးရဲ့ဇာတိမြို့ဖြစ်ပါတယ်။" လို့အဓိပ္ပါယ်ရတဲ့ စာသားအချို့နဲ့ ဖော်ပြထားပါတယ်။
ဗီဒီယိုထုတ်လုပ်ရေးသတင်းဌာန Newsflare က ဒီဗီဒီယိုကို ထပ်မံမျှဝေခဲ့ပြီး "၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ယူကရိန်းနိုင်ငံ၊ Lutsk မြို့က စက်မှုဇုန်ဟာ ဒုန်းကျည်တွေနဲ့ လေးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့စဥ်" ဆိုပြီး အညွှန်းစာဖော်ပြထားပါတယ်။(Archived link)

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားကတိုက်ခိုက်မှုတွေနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်