တောင်အာဖရိကနိုင်ငံကမ်းခြေက ဗီဒီယိုဟောင်းတစ်ခုကို ရုရှားငလျင်ကြီးအဖြစ်မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2025 အချိန် 05h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Harshana SILVA, AFP သီရိလင်္ကာ
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
လူနေကျဲပါးတဲ့ ရုရှားနိုင်ငံအရှေ့ဖျားဒေသမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က မှတ်တမ်းအရ အပြင်းထန်ဆုံးငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် နိုင်ငံအသီးသီးမှာ ဆူနာမီသတိပေးချက်ဥသြသံတွေ ဆူညံခဲ့ပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဆိုတဲ့ဗီဒီယိုဟာ တောင်အာဖရိကနိုင်ငံရဲ့ Durban မြို့မှာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ရိုက်ကူးထားတာဖြစ်ပါတယ်။

"ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုု ပမာဏရှိတဲ့ အင်အားပြင်းထန် ငလျင်က ရရှားနိုင်ငံအရှေ့ဘက် ကမ်ချက်က ကျွန်းဆွယ် နေရာကို ဒီကနေ့ ရုရှားဒေသစံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်မှာ ဗဟိုပြုပြီး လှုပ်ခတ်သွားပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။   

အဲဒီ ဗီဒီယိုကိုရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား ၈ ဒဿမ ၈ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအကြာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။  (Archived link)

ဒီငလျင်ဟာ ၁၉၅၂ ခုနှစ်နောက်ပိုင်း ဒေသတွင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့ ဒေသတွင်း ငလျင်စောင့်ကြည့်ရေးဌာနက ပြောကြားခဲ့ပါတယ်။  

လေးမီတာ (၁၂ ပေ) အထိမြင့်တက်နိုင်တဲ့ ဆူနာမီရေလှိုင်းခန့်မှန်းချက်ကြောင့် ဂျပန်နိုင်ငံကနေ အမေရိကန်၊ အီကွေဒေါ နိုင်ငံတွေအထိ ပစိဖိတ်ဒေသမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေက ကမ်းရိုးတန်းနေဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။  

သတိပေးချက်တွေကို နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် ယာယီတိမ်းရှောင်နေသူတွေ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။  

ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားရင်း သူမရဲ့ကားဟာ တောင်စောင်းပေါ်ကပြုတ်ကျခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဒီဗီဒီယိုထဲမှာ လှိုင်းလုံးကြီးတွေ ကမ်းခြေကိုရိုက်ခတ်လာတာကြောင့် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ လူတွေရဲ့ မြင်ကွင်းတွေ ပါရှိပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်က ရယူထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ အိန္ဒိယပါကစ္စတန် နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာပါ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒါဟာ ရုရှားနိုင်ငံကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်းတွေမဟုတ်ပါဘူး။  

ဗီဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၁၇ ခုနှစ်၊ မတ်လ ကမျှဝေထားတထပ်တူညီတဲ့ YouTube ဗီဒီယိုတွေကို တွေ့ခဲ့ရပါတယ်။ ကမ်းရိုးတန်းမြို့ ဖြစ်တဲ့ Durban မြို့ရဲ့ ကမ်းခြေတစ်ခုမှာ ရိုက်ကူးထားတယ်လို့လည်း  ဗီဒီယိုတွေမှာဖော်ပြထားပါတယ်။  (Archived links here and here)

Image
မှားယွင်းမျှဝေထားတဲ့ဗီဒီယို (ဘယ်) နဲ့ မူရင်းဗီဒီယို (ညာ) ကိုနှိုင်းယှဉ်ထားတဲ့ Screenshot

အဲဒီအချိန်တုန်းက ဒီရေမြင့်တက်ခဲ့တာကြောင့် ကမ်းခြေတွေကို ပိတ်ထားခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေဖြစ်တဲ့ eNCA နဲ့ Southlands Sun တို့ကဖော်ပြခဲ့ကြပါတယ်။ (Archived links here and here)

သတင်းဖော်ပြချက်တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုသုံးပြီး Google Map ရဲ့  street view ဓာတ်ပုံတွေနဲ့ ဗီဒီယိုထဲက တည်နေရာကို AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)

Image
မှားယွင်းမျှဝေထားတဲ့ ဗီဒီယို (ဘယ်) ကို Google Maps ရဲ့ ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပြီး တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်