
ရန်ကုန်ပျောက်ကျားသပိတ်ဗီဒီယိုဟောင်းတစ်ခုကို ၂၀၂၅ ဆန္ဒပြပွဲကဆိုပြီးမှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇူလိုင် 2025 အချိန် 04h57
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSC၊ ဗကသနဲ့မြို့နယ်အစုံက သပိတ်စစ်ကြောင်းတွေ ဆုပေါင်းပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ ဒီကနေ့ ဇူလိုင်လ ၇ရက်က ဆန္ဒ ပြခဲ့ကြပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ စာသားတစ်စိတ်တစ်ပိုင်း ရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၁.၇ သန်းကျော်ရှိတဲ့ ဗီဒီယိုမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအကြားရေပန်းစားတဲ့ ကြွေးကြော်သံတွေနဲ့အတူ Hunger Games ရုပ်ရှင်က လက်သုံးချောင်းသင်္ကေတနဲ့ လမ်းမပေါ်မှာ အလျင်စလို ဆန္ဒပြနေကြတဲ့ လူအုပ်ကိုတွေ့ရပါတယ်။
"7 JULY စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ" နဲ့ "စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့အမြစ်ပြတ်ချေမှုန်းကြ" ဆိုတဲ့စာသားနဲ့ ဘန်နာတွေကိုလည်း ဆန္ဒပြသူတွေက ကိုင်ဆောင်ထားကြပါတယ်။

တူညီတဲ့မှားယွင်းပြောဆိုမှုတွေကို Facebook၊ Instagram နဲ့ TikTok တွေမှာမျှဝေနေကြပါတယ်။
ဒီမှားယွင်းပြောဆိုမှုတွေဟာ ၁၉၆၂ ခုနှစ်က စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ပြီး သွေးထွက်သံယိုချေမှုန်းခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီးရဲ့ နှစ်ပတ်လည်နေ့မှာ ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဒီဆန္ဒပြပွဲမှာလူပေါင်းရာချီသေဆုံးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနရဲ့ ဆောင်းပါးမှာဖော်ပြထားပါတယ်။ (Archived link)
ဗြိတိသျှလက်အောက်ကနေလွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာ ၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို စစ်တပ်က ဆက်တိုက်နီးပါး အုပ်ချုပ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲလိမ်မှုစွပ်စွဲချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဆုံးသတ်စေခဲ့ပါတယ်။ (Archived link)
အာဏာသိမ်းမှုက လူပေါင်းထောင်နဲ့ချီအသက်ဆုံးရှုံးစေခဲ့တဲ့ပြည်တွင်းစစ်ပွဲတွေကို ပြန်လည်အစပြုစေခဲ့ပြီး လူပေါင်း ၃.၅ သန်းကျော် နေရပ်ကနေစွန့်ခွာခဲ့ကြရတဲ့အပြင် နိုင်ငံရဲ့ လူဦးရေတစ်ဝက်ခန့် ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ (Archived link)
မြန်မာနိုင်ငံက မြို့နယ်အတော်များများအပြင် တောင်ကိုရီးယား နဲ့ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေကလည်း ၁၉၆၂ ခုနှစ် ကျောင်းသားသပိတ်ရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကတော့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမဟုတ်ပါဘူး။ (Archived links here, here and here)
၂၀၂၁ ခုနှစ်၊ ရန်ကုန်ပျောက်ကျားသပိတ်
မှားယွင်းဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုကို မြန်မာသတင်းဌာနတစ်ခုဖြစ်တဲ့ မဇ္စျိမကနေ လွန်ခဲ့တဲ့ လေးနှစ်ကတည်းကမျှဝေခဲ့တာကို တွေ့ရပါတယ်။ (Archived link)
"'7 july စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ' ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်း" ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က မျှဝေခဲ့တဲ့ ပိုစ့်မှာရေးသားထားပါတယ်။
"ဒီကနေ့ဟာ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂအဆောက်အဦ ဖြိုခွဲဖျက်စီးခံရတဲ့ ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီး (၅၉) နှစ်ပြည့်မြောက်တဲ့ နှစ်လည်းဖြစ်ပါတယ်။"

ရန်ကုန်ကဆန္ဒပြသူ ၁၀၀ နီးပါးဟာ လမ်းမပေါ်မှာ အလျင်အမြန်စုရုံးဆန္ဒပြကြပြီး နှစ်မိနစ်အကြာမှာ လူစုခွဲကာ လမ်းဘေးမှာ အသင့်စောင့်ဆိုင်းနေတဲ့ ကားတွေပေါ်ကို တက်သွားကြတယ်လို့ AFP သတင်းထောက်တွေကဆိုပါတယ်။ (Archived link)
ယခင်ပျောက်ကျားသပိတ်တွေလုပ်ရင် ရဲတွေကို သတင်းပေးတိုင်ကြားသူတွေရှိတာကြောင့် ဆန္ဒပြသူတွေဟာ ဖမ်းဆီးခြင်းခံရတာတွေရှိတယ်လို့် အဲဒီအချိန်တုန်းက AFP ရဲ့သတင်းဆောင်းပါးမှာဖော်ပြခဲ့ပါတယ်။
အဲဒီသပိတ်ကို သတင်းရယူခဲ့တဲ့ AFP ဗီဒီယိုသတင်းထောက်တစ်ဦးကလည်း ဗီဒီယိုဟာ ၂၀၂၁ ခုနှစ်တုန်းက ဆန္ဒပြပွဲဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
"Like ရချင်လို့ ဗီဒီယိုအဟောင်းတွေကို ပြန်တင်ကြတာ" လို့ သူကဆိုပါတယ်။
AFP ဓာတ်ပုံသတင်းထောက်တစ်ဦးကလည်း ၂၀၂၁ ခုနှစ်က ရန်ကုန်မှာ ဆန္ဒပြတဲ့ ဗီဒီယိုဖြစ်တယ်လို့ဆိုပါတယ်။ "အဲ့ဒါ ၂၀၂၁ ရန်ကုန်မှာ ဆန္ဒပြတဲ့လူတွေကို အကြမ်းဖက်ဖြိုခွဲနေလို့ ပျောက်ကျားသပိတ်တွေလုပ်ပြီး ဆန္ဒပြခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။"
"၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မှာ သပိတ်တွေမလုပ်ကြပါဘူး" လို့သူကပြောပါတယ်။
မှားယွင်းတဲ့ဗီဒီယိုဟာ AFP ကမျှဝေထားတဲ့ ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲရဲ့ ဗီဒီယိုနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ (Archived link)
"စစ်တပ်၏အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ထောင်နှင့်ချီဖမ်းဆီးခြင်းခံခဲ့ရသည့် ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လယ်တွင် လူတစ်ရာခန့် ချီတက်ဆန္ဒပြ" ဆိုပြီး ဗီဒီယိုမှာ တစ်စိတ်တစ်ပိုင်းဖော်ပြရေးသားထားပါတယ်။
AFP က မြန်မာစစ်အာဏာသိမ်းမှုအပြင် နောက်ဆက်တွဲမငြိမ်မသက်မှုတွေနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်