
ဘင်္ဂလားဒေ့ရှ်အရန်တပ်ဖွဲ့ဝင်တွေအဖမ်းခံရတဲ့ဗီဒီယိုကို AA အဖွဲ့ဝင်တွေဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 31 ဇူလိုင် 2025 အချိန် 10h45
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း, AFP ဘင်္ဂလားဒေ့ရှ်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ယနေ့ ရက္ခိုင့်တပ်မတော်ခေါ် ( AA) ၁၅ ဦးကို ဘင်္ဂလာဒေခ်ျ့တပ်မတော်မှ ဖမ်းဆီးထားကြောင်း ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က Facebook ပို့စ်မှာ မျှဝေထားပါတယ်။
ကြည့်ရှုမှုထောင်ချီရှိနေတဲ့ဒီဗီဒီယိုမှာ စစ်သားဝတ်စုံနဲ့အမျိုးသားတစ်စုက လက်မြှောက်ပြီးကြမ်းပြင်ပေါ်ထိုင်နေတာကို တွေ့ရပါတယ်။ ဒီလူတစ်စုအနီးမှာ လက်နက်ကိုင်စစ်သားတွေအပြင် ဝိုင်းကြည့်နေတဲ့လူတစ်ချို့ကိုလည်းတွေ့ရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ မြန်မာနိုင်ငံအနောက်ဘက်ရခိုင်ပြည်နယ်မှာအခြေစိုက်ပြီး စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်မြေတစ်ခုကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ AA က ထုတ်ပြန်ထားပါတယ်။ (Archived here and here)
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့စစ်တပ်ကိုတွန်းလှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ်ကြီးမှာ ရခိုင်ပြည်နယ်ဟာ စစ်ရေးအရအရေးပါတဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ (Archived link)
ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအတွင်းစစ်ပွဲတွေကြောင့် ပြောင်းရွှေ့တိမ်းရှောင်နေရသူ ၃ ဒဿမ ၅ သန်းကျော်ရှိတဲ့အထဲမှာ ရခိုင်ပြည်နယ်က လူဦးရေ ၅ သိန်းကျော်ပါဝင်နေပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook နဲ့ X ပို့စ်တွေမှာ မျှဝေထားကြပါတယ်။
ဒါပေမဲ့ ဒါဟာ အာရက္ခတပ်ဖွဲ့ဝင်တွေအဖမ်းခံရတဲ့ ဗီဒီယိုမဟုတ်ပါဘူး။
Ansar ဆန္ဒပြပွဲ
Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်က ဒီ Instagram ပို့စ်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"ကြိုးတွေယူလာခဲ့။ ဒီလူတွေကို ချည်လိုက်" လို့အဓိပ္ပါယ်ရတဲ့ ဘင်္ဂလီဘာသာစကားနဲ့ တစ်စုံတစ်ယောက်က ပြောဆိုနေသံကိုလည်း ဗီဒီယိုထဲမှာကြားရပါတယ်။
အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Radio Padma News က Ansar အရန်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီးခဲ့တဲ့သတင်းနဲ့အတူ တစ်နေ့တည်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)
အခြားရှု့ထောင့်ကနေရိုက်ယူထားတဲ့ ဆင်တူဗီဒီယိုတစ်ခုကိုလည်း RTV Bangladesh က မျှဝေထားပါတယ်။ (Archived link)
Dhaka Tribune ရဲ့ဆောင်းပါးအရ Ansar Bahini ခေါ် Ansar and Village Defence Force ဟာ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးကြပ်တဲ့အရန်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။ (Archived link)
အဖွဲ့ဝင် ၆ သန်းနီးပါးရှိတဲ့ ဒီတပ်ဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းလုံခြုံရေးတွေအတွက် တာဝန်ရှိပါတယ်။

The Daily Star ရဲ့ဆောင်းပါးအရ Ansar တပ်ဖွဲ့ဝင်တွေဟာ သုံးနှစ်ဆက်တိုက်အလုပ်လုပ်ကိုင်ပြီးနောက် ခြောက်လကြာ လုပ်ခမရတဲ့ "အနားယူမှုဓလေ့" ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ (Archived link)
ဘင်္ဂလားဒေ့ရှ်ရဲ့ ကြားဝင်အစိုးရက ဒီအနားယူမှုဓလေ့ကိုဖျက်သိမ်းဖို့ ကတိပေးခဲ့ပေမယ့် အစိုးရအဆောက်အဦးတစ်ခုကိုပိတ်ဆို့ခဲ့တဲ့ Ansar အဖွဲ့သားတွေနဲ့ ကျောင်းသားတွေကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒီဆောင်းပါမှာဖော်ပြထားပါတယ်။
မှားယွင်းဗီဒီယိုထဲက ကြမ်းပြင်ပေါ်ထိုင်နေတဲ့ အမျိုးသားတွေဝတ်ဆင်ထားတဲ့ ဝတ်စုံတွေဟာ Ansar အဖွဲ့သားတွေရဲ့ဝတ်စုံတွေနဲ့ ကိုက်ညီနေတာကို Getty Images ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လက Ansar ဆန္ဒပြပွဲဓာတ်ပုံမှာ တွေ့နိုင်ပါတယ်။ (Archived link)

အာရက္ခတပ်တော်အပြင် မြန်မာနိုင်ငံကမတည်ငြိမ်မှုတွေနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်