Ha Long Bay မှာ လူအသေအပျောက်ရှိခဲ့တဲ့ သင်္ဘောနစ်မြုပ်မှုကဆိုပြီး ဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇူလိုင် 2025 အချိန် 11h29
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
"ကြောက်စရာကြီး...... မိုးကြိုးမုန်တိုင်း တိုက်ခက်မှုကြောင့် ဗီယက်နမ်တွင် အပျော်စီးသင်္ဘောမှောက်ပြီး ၃၈ ဦး သေဆုံး 20-7-2025" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
မိုးသက်မုန်တိုင်းကြားကလှေတစ်စင်း ညာဘက်ကိုတဖြည်းဖြည်းချင်းတိမ်းစောင်းပြီး နစ်မြုပ်သွားတဲ့ ဗီဒီယိုကို ပိုစ့်မှာဖော်ပြထားပါတယ်။
Ha Long Bay ရဲ့ အဆိုးရွားဆုံးသောသဘာဝဘေးအန္တရာယ်လို့ ပြောရလောက်တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က မုန်တိုင်းကြောင့်အပျော်စီးခရီးသွားလှေနစ်မြုပ်ရာကနေ အနည်းဆုံး လူ ၃၅ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ (Archived link)
ဒါပေမဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမိုးကြိုးမုန်တိုင်းတွေဟာ တောင်တရုတ်ပင်လယ်ကအပူပိုင်းမုန်တိုင်းဝီဖာနဲ့သက်ဆိုင်မှုမရှိဘူးဆိုပြီး နိုင်ငံတော်မိုးလေဝသဌာနညွှန်ကြားရေးမှူးက ပြောကြားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြထားပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေကို Facebook မှာ မြန်မာ၊ အင်္ဂလိပ်နဲ့ ထိုင်း စတဲ့ ဘာသာစကားတွေနဲ့ပျံ့နှံ့နေတဲ့အပြင် TikTok နဲ့ X မှာပါတွေ့ရပါတယ်။
ဒါပေမဲ့ Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ဗီဒီယိုဟာ အခြားမုန်တိုင်းတစ်ခုအကြောင်းရေးသားထားတဲ့သတင်းတွေမှာ လအတော်ကြာကတည်းက ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဗီယက်နမ် အခြေစိုက်မီဒီယာ VTC News ရဲ့ တရားဝင် Facebook စာမျက်နှာကနေ တူညီတဲ့ဗီဒီယိုကို "Ha Long Bay မှာ ခရီးသည်တင်လှေတစ်စင်းနစ်မြုပ်" ဆိုတဲ့စာသားနဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်က မျှဝေခဲ့ပါတယ်။ (Archived link)
အခြား ဗီယက်နမ်အခြေစိုက်မီဒီယာတွေကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နဲ့ ၈ ရက်တွေမှာ အဲဒီဗီဒီယိုကို ဒေသအခေါ် မုန်တိုင်းအမှတ် (၃) လို့ခေါ်တဲ့ တိုင်ဖွန်းယာဂီအကြောင်းရေးသားတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ (Archived links here and here)
စူပါတိုင်ဖွန်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ဗီယက်နမ်နိုင်ငံမှာ အနည်းဆုံးလူပေါင်း ၁၉၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ မုန်တိုင်းကြောင့် မြစ်နီမြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက် ပို့ဆောင်ဆက်သွယ်ရေးလမ်းတွေပြတ်တောက်ခဲ့ရာ ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ (Archived link)
ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းယာဂီဝင်ရောက်တိုက်ခတ်စဥ်က လှေပေါင်းများစွာနစ်မြုပ်ခဲ့တယ်လို့ သင်္ဘောပျက်နဲ့ရေကြောင်းမတော်တဆမှုတွေကိုမှတ်တမ်းတင်တဲ့ဝဘ်ဆိုဒ် Shipwreck Log ကဖော်ပြထားပါတယ်။ အဲဒီဖော်ပြချက်မှာ အဖြူနဲ့ အမည်းဆေးချယ်ထားတဲ့ တူညီတဲ့ သင်္ဘောနစ်မြုပ်တဲ့ဗီဒီယိုလည်းပါဝင်ပါတယ်။ (Archived link)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ နစ်မြုပ်ခဲ့တဲ့ ခရီးသွားကူးတို့သင်္ဘောကို ဒီ AFP ဓာတ်ပုံမှာလည်းတွေ့နိုင်ပါတယ်။ အဲဒီ ကူးတို့သင်္ဘောဟာ အဖြူနဲ့အပြာရောင်ဖြစ်တဲ့အပြင် မတူညီတဲ့လက်ရန်းတွေလည်းပါရှိပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်