
ပါကစ္စတန်စစ်တပ်က ပစ်ချလိုက်တဲ့ တိုက်လေယာဉ်ဆိုပြီး AI ဖန်တီးမှုဗီဒီယိုတစ်ခု မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 မေ 2025 အချိန် 11h00
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 05 ဇွန် 2025 အချိန် 10h19
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Eyamin SAJID, AFP ဘင်္ဂလားဒေ့ရှ်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ပါကစ္စတန်မှာ အိန္ဒိယတိုက်လေယာဉ် ပစ်ချခံရ။ Indian fighter jet shot down in Pakistan."(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
၉ စက္ကန့်ကြာတဲ့ ဗီဒီယိုမှာ ပျက်စီးနေတဲ့ တိုက်လေယာဉ်တစ်စင်းကို ရဟတ်ယာဉ်နဲ့ ဆွဲတင်ဖယ်ရှားနေတဲ့ မြင်ကွင်းကို တွေ့နိုင်ပါတယ်။
"ဘယ်လိုပျံသန်းရမလဲ အရင်သင်ကြားပြီးမှ တိုက်ပွဲဝင်ပါ။ အရည်အသွေးမပြည့်မီတဲ့ လေယာဉ်မှူးတွေက အိန္ဒိယကိုရှုံးနိမ့်စေတယ်။"ဆိုပြီး အာဒူဘာသာစကားနဲ့ အမျိုးသမီးတစ်ဦးရဲ့ နောက်ခံစကားပြောသံလည်း ပါရှိပါတယ်။

နျူကလီးယာလက်နက်ကိုင် အိမ်နီးချင်းတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဒုံးကျည်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ လေးရက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၆၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ၁၉၉၉ ခုနှစ်က အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခနောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုပဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ကြားဝင်ညှိနှိုင်းမှုကြောင့်ရရှိတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြေညာခဲ့တဲ့နောက် တိုက်ခိုက်မှုတွေအဆုံးသတ်ခဲ့ပါတယ်။ နာရီပိုင်းအကြာမှာပဲ နျူကလီးယာလက်နက်ကိုင်ပြိုင်ဘက်တွေဟာ မီးကုန်ယမ်းကုန် စစ်မက်ဖြစ်ပွားမှုကနေ လက်တစ်ကမ်းအလိုကနေကယ်တင်နိုင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲကြပြန်ပါတယ်။ (Archived link)
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်က အိန္ဒိယပိုင် အငြင်းပွားကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဦး အသက်ဆုံးရှုံးခဲ့တဲ့ ခရီးသွားဧည့်သည်တွေတိုက်ခိုက်ခံရမှုကို အစ္စလာမာဘတ်အစိုးရက ကျောထောက်နောက်ခံပြုလုပ်ခဲ့တယ်လို့ နယူးဒေလီအစိုးရက စွပ်စွဲအပြစ်တင်ခဲ့ပါတယ်။ ပါကစ္စတန်က ဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယဂျက်လေယာဉ် ၅ စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်က ပြောဆိုခဲ့ပေမယ့် အိန္ဒိယက အဲဒီပြောဆိုချက်ကို အသိအမှတ်ပြုတာမျိုး မရှိသေးပါဘူး။ (Archived link)
ပါကစ္စတန်ကပစ်ချခဲ့တဲ့ ဂျက်လေယာဉ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေနဲ့ မြန်မာ၊ ဘင်္ဂါလီစတဲ့ ဘာသာစကားတွေနဲ့ Facebook နဲ့ TikTok မှာပျံ့နှံ့နေပါတယ်။ ဒါအပြင် အိန္ဒိယကိုတိုက်ခိုက်နေစဥ် ပျက်ကျပြီး သစ်ပင်မှာညပ်နေတဲ့ ပါကစ္စတန်တိုက်လေယာဉ်ဆိုတဲ့ ပြန်လှန်ပြောဆိုမှုနဲ့လည်း မှားယွင်းမျှဝေနေကြပါတယ်။
တကယ်တော့ ဒီဗီဒီယိုဟာ AI အထူးပြုလုပ်ချက်ရုပ်ပုံတွေကို ပုံမှန်တင်လေ့ရှိတဲ့ မော်ရိုကိုအခြေစိုက် အွန်လိုင်းစာမျက်နှာတစ်ခုကနေ ပထမဆုံးမျှဝေခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုကရုပ်ပုံတွေ အသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ အိန္ဒိယက ပါကစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ မထုတ်ပြန်မီ ရက်ပိုင်းအလို ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်က "AI in Life" လို့ခေါ်တဲ့ Instagram စာမျက်နှာကနေမျှဝေခဲ့တဲ့ ပိုမိုကြည်လင်တဲ့ ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ (Archived link)
'Wonderful' ဆိုတဲ့ စာသားကို ပိုစ့်မှာရေးသားထားပြီး "wildlife"၊ "nature"နဲ့ "art" ဆိုတဲ့ စာသားတွေအပါအဝင် အခြား hashtag များစွာလည်း ပါရှိပါတယ်။ ဒီပိုစ့်မှာတော့ ရဟတ်ယာဉ်ရဲ့ စက်သံကိုသာ နောက်ခံအသံအဖြစ် ထည့်သွင်းထားပါတယ်။

လျော့တိလျော့ရဲဖြစ်နေတဲ့ ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းပန်ကာနဲ့ ဂျက်လေယာဉ်ကို ဆွဲတင်သွားချိန် မှုန်ဝါးနေတဲ့ နောက်ခံကသစ်ပင်တွေစတဲ့ AI နဲ့ဖန်တီးထားတာကို သိသာစေတဲ့ ရုပ်ပုံကွဲလွဲချက်တွေကို ဗီဒီယိုမှာတွေ့နိုင်ပါတယ်။
AI နည်းပညာက တရှိန်ထိုးထွန်းကားလာပေမယ့် AI ဖန်တီးချက်တွေမှာ ချို့ယွင်းချက်တွေရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီချို့ယွင်းချက်တွေက လုပ်ကြံဖန်တီးထားတဲ့ပုံတွေကိုသိရှိနိုင်တဲ့ အကောင်းဆုံးသဲလွန်စတွေပဲ ဖြစ်ပါတယ်။
AFP အနေနဲ့ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။June 5, 2025 ‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်