ဂိမ်းဗီဒီယိုတွေကို အိန္ဒိယနဲ့ ပါကစ္စတန် တိုက်ခိုက်မှုတွေဆိုပြီး မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 မေ 2025 အချိန် 06h11
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP Thailand
နယူးဒေလီနဲ့ အစ္စလာမာဘတ်အစိုးရတို့ကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်မရရှိခင် ရက်အနည်းငယ်အလို နှစ်နိုင်ငံကြား လူသေဆုံးမှုတွေရှိခဲ့တဲ့ ဂျက်လေယာဥ်၊ ဒရုန်း၊ ဒုံးကျည်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ တိုက်လေယာဥ်တွေကို နှစ်ဘက်စလုံးက ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ ဗီဒီယိုနှစ်ခုကို မျှဝေနေကြပါတယ်။ ပါကစ္စတန်က အိန္ဒိယတိုက်လေယာဥ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုထားတဲ့အပြင် နျူကလီးယားလက်နက်ပိုင် အဓိကပြိုင်ဘက်တွေကြား အဆိုးရွားဆုံးပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဘက်စလုံးက ဒရုန်းအများအပြားကို ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေဟာ Arma 3 ဗီဒီယိုဂိမ်းကဖြစ်ပါတယ်။  

၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံကြား အငြင်းပွားမှုတွေရှိနေတဲ့ ကက်ရှ်မီးယားနယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နောက် ဂျက်လေယာဥ်တွေ ပစ်ခတ်ခံရတဲ့ဗီဒီယိုတွေကို Facebook နဲ့ Instagram မှာ မျှဝေနေကြပါတယ်။  

အိန္ဒိယက ပြိုင်ဘက်ဖြစ်တဲ့ ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဘက် လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး နျူကလီးယာလက်နက်ကိုင် နှစ်နိုင်ငံကြား အဆိုးရွားဆုံး အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ (Archived link)  

ဧပြီလနှောင်းပိုင်းက အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ ခရီးသွားဧည့်သည်တွေတိုက်ခိုက်ခံရမှုကို အစ္စလာမာဘတ်အစိုးရက ကျောထောက်နောက်ခံပြုလုပ်ခဲ့တယ်လို့ နယူးဒေလီအစိုးရက စွပ်စွဲအပြစ်တင်ခဲ့ပြီးနောက် ဒီတိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်က ဒီစွပ်စွဲချက်ကို  ငြင်းပယ်ခဲ့ပါတယ်။  

"အိန္ဒိယ စစ်လေယာဉ်တွေက ပါကစ္စတန် ကက်ရှ်မီးယား ဒေသကို ဝင် ရောက် တိုက်ခိုက်" (မူရင်းအတိုင်း) ဆိုပြီး မေလ ၇ ရက် မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

မေလ ၆ ရက်က Instagram ပို့စ်ရဲ့ ဗီဒီယိုမှာ "Raddar (sic) ရဲ့ အလိုအလျောက်တိုက်ခိုက်မှု" လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ထည့်သွင်းထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်တွေရဲ့ Screenshot

မေလ ၁၀ ရက်နေ့မှာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူနိုင်ခဲ့ပြီး ရက်အတော်ကြာခဲ့တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အံသြဖွယ် ကြေညာခဲ့ပြီး နှစ်ဘက်အစိုးရကို "အမျှော်အမြင်"ရှိတဲ့အတွက် ဂုဏ်ယူကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ (Archived link

ဒီတိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်ဘက်က အရပ်သား ၄၀ ဦးနဲ့ စစ်တပ်ဝန်ထမ်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ဆိုပြီး အိန္ဒိယဘက်က အရပ်သားနဲ့ စစ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ (Archived link

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုတွေကို Facebook နဲ့ X ပို့စ်တွေမှာလည်း မျှဝေထားကြပါတယ်။  

ပါကစ္စတန်ဘက်က အိန္ဒိယတိုက်လေယာဥ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် အွန်လိုင်းပေါ်က ဗီဒီယိုတွေဟာ ဗီဒီယိုဂိမ်းတစ်ခုက ရယူထားတာဖြစ်ပါတယ်။  

Arma 3 ဗီဒီယိုဂိမ်း  

ပထမဗီဒီယိုကရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဧပြီလ ၁၉ ရက်နေ့က Facebook မှာ မျှဝေထားတဲ့ အရည်အသွေးကြည်လင်တဲ့ ဒီဗီဒီယိုကို တွေ့ရပါတယ်။  

"ဒါဟာ ကျွန်တော်ကိုယ်တိုင် Arma 3 ဗီဒီယိုဂိမ်းနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုပါ" ဆိုပြီး မူရင်းဖန်တီးသူက မေလ ၁၀ ရက်မှာ Facebook Messenger ကတစ်ဆင့် AFP ကို ပြောပါတယ်။  

"ဒါဟာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲနဲ့ သက်ဆိုင်မှုမရှိပါဘူး။" 

Image
မှားယွင်း Facebook ပို့စ်က ဗီဒီယို (ဘယ်) ကို ဧပြီလက Facebook ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Arma 3 ဗီဒီယိုဂိမ်းဟာ ချက်နိုင်ငံအခြေစိုက် Bohemia Interactive က ထုတ်လုပ်တဲ့ ပစ်ခတ်ရေးပုံဖော်သရုပ်ပြ ဗီဒီယိုဂိမ်းတစ်ခုဖြစ်ပြီး ကစားသူတွေက စိတ်ကြိုက်လိုချင်တဲ့ ရုပ်ပုံဗီဒီယိုတွေ ဖန်တီးနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ (Archived link)

Arma 3 ဂိမ်းက ဗီဒီယိုတွေဟာ အရှေ့အလယ်ပိုင်းဒေသက တိုက်ခိုက်မှုတွေဆိုတဲ့မှားယွင်းပြောဆိုမှုတွေနဲ့ ယခင်ကလည်း လူမှုကွန်ရက်မှာ မှားယွင်းပျံ့နှံ့ခဲ့ပါတယ်။  

ဂိမ်းရဲ့ဗီဒီယိုတွေကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းဒေသပဋိပက္ခနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လျက်ရှိတယ်လို့ X မှာ Bohemia Interactive က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

ဒုတိယဗီဒီယိုကို ထပ်ပြီး Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ မတ်လ ၃၀ ရက်က မျှဝေထားတဲ့ တူညီတဲ့ Instagram ဗီဒီယိုတစ်ခုကိုတွေ့ရပါတယ်။  (Archived link

စစ်တိုက်ခိုက်ရေးတွေနဲ့ ဗီဒီယိုဂိမ်းတွေကို မျှဝေလေ့ရှိတဲ့ အကောင့်တစ်ခုဖြစ်ပါတယ်။  

Image
မှားယွင်းပို့စ်ကဗီဒီယို (ဘယ်) ကို မတ်လထဲက ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Bohemia Interactive ရဲ့ လူထုဆက်ဆံရေးမန်နေဂျာဖြစ်သူ Pavel Krizka က ဒီဗီဒီယိုဟာ Arma 3 ဂိမ်းက ရယူထားတာလို့ ဆိုပါတယ်။  

"ဒါဟာ Arma 3 ဗီဒီယိုဂိမ်းက ဖြစ်ပါတယ်" လို့  မေလ ၁၃ ရက်မှာ အီးမေးလ်ကတဆင့်ပြောခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူတွေ၊ သတင်းမီဒီယာတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို မိမိတို့ရဲ့ သတင်းအရင်းအမြစ်ကို စစ်ဆေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။  

အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားက ပဋိပက္ခတွေနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်