
ဂါဇာဒေသက ပေါက်ကွဲမှုဗီဒီယိုကို အိန္ဒိယ-ပါကစ္စတန်တင်းမာမှုပို့စ်တွေမှာ မှားယွင်းဖော်ပြ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 မေ 2025 အချိန် 11h02
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 05 ဇွန် 2025 အချိန် 10h17
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အိန္ဒိယက ပါကစ္စတန်ရှိ ပစ်မှတ်များကို ဒုံးကျည်များနှင့် ပစ်ခတ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်က Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ညအချိန်မှာ အဝေးတစ်နေရာမှာ အကြိမ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားနေတာကိုပြတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဒီပို့စ်နဲ့အတူ မျှဝေထားပါတယ်။

ပါကစ္စတန်စစ်တပ်ရဲ့ သတင်းပြန်ကြားရေးဌာနက ဒီဗီဒီယိုကို AFP အပါအဝင် သတင်းမီဒီယာတွေဆီ ပေးပို့ခဲ့ပါတယ်။
ဒီဗီဒီယိုကို တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ ထိုင်း၊ ဟိန္ဒီ အပြင် အင်္ဂလိပ်ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့နေပါတယ်။ အာဒူဘာသာ ရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ 92 News နဲ့ ထိုင်းရုပ်သံဌာန Thai PBS တို့ကလည်း ဒီဗီဒီယိုကို အိန္ဒိယနဲ့ ပါကစ္စတန်ကြား အပြန်အလှန်တိုက်ခိုက်မှုအကြောင်း သတင်းဖော်ပြချက်တွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အိန္ဒိယက အိမ်နီးချင်း ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်တလျှောက် ရက်အတော်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေကနေ လက်နက်ကြီးပစ်ခတ်မှုတွေအထိဖြစ်ပွားခဲ့ပြီး နျူကလီးယာလက်နက်ပိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေကြား ဆယ်စုနှစ်နှစ်ခုအတွင်းအဆိုးရွားဆုံးအပြန်အလှန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေတာဖြစ်ပါတယ်။ (Archived link)
ဧပြီလနှောင်းပိုင်းက အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ ခရီးသွားဧည့်သည်တွေတိုက်ခိုက်ခံရမှုကို အစ္စလာမာဘတ်အစိုးရက ကျောထောက်နောက်ခံပြုလုပ်ခဲ့တယ်လို့ နယူးဒေလီအစိုးရက စွပ်စွဲအပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းပယ်ခဲ့ပါတယ်။
အိန္ဒိယရဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၃၁ ဦးသေဆုံးခဲ့တယ်လို့ အစ္စလာမာဘတ်ကဆိုပြီး ပါကစ္စတန်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်အကျပ်အတည်းနဲ့ သက်ဆိုင်မှုမရှိပါဘူး။
ဒီဗီဒီယိုထဲကရုပ်ပုံတွေကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ Al Jazeera Palestine က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်မှာ မျှဝေထားတဲ့ ဒီ X ပိုစ့်ကို တွေ့ရပါတယ်။ (Archived link)
"ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ Beit Lahia အား အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်မှုပုံရိပ်များ" ဆိုပြီး အာရေဗြီဘာသာစကားနဲ့ စာသားကိုလည်း ဒီပို့စ်မှာ တွေ့ရပါတယ်။


အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က မျှဝေထားတဲ့ TRT Haber ဆောင်းပါးကို တွေ့ရပါတယ်။ တူရကီအခြေစိုက်သတင်းဌာနရဲ့ အဆိုအရ ပစ်မှတ် ၃၂၀ ကို အစ္စရေးက ညတွင်းချင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ (Archived link)
ဒီဗီဒီယိုကရယူထားတဲ့ Screenshot ဓာတ်ပုံကို လက်ဘနွန်သတင်းဌာန Al Manar မျှဝေခဲ့ပြီး အစ္စရေးရဲ့ပစ်ခတ်မှုတွေကြောင့် ဂါဇာဒေသတွင်းပြောင်းရွှေ့မှုတွေပြုလုပ်ခဲ့ရတယ်လို့ အဲဒီနေ့မှာပဲ သတင်းဖော်ပြထားပါတယ်။ (Archived link)
တရားဝင်အချက်အလက်တွေကို အသုံးပြုပြီး ရရှိထားတဲ့ AFP ကိန်းဂဏန်းတွေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟာမက်စ်လက်နက်ကိုင်တွေတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားအများစုဖြစ်ကြတဲ့ အစ္စရေးနိုင်ငံသား ၁,၂၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက မှန်ကန်ကြောင်းသုံးသပ်ထားတဲ့ ဟာမက်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့ အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသတွင်းနေထိုင်သူ အနည်းဆုံး ၅၂,၆၅၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ (Archived link)
အိန္ဒိယ-ပါကစ္စတန်တင်းမာမှုနဲ့သက်ဆိုင်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။June 5, 2025 ‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်