
လေယာဥ်ပျက်ကျမှုဗီဒီယိုဟောင်းတွေကို အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 မေ 2025 အချိန် 11h04
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ပါကစ္စတန် ကရာချိမြို့ လေဆိပ်အနီးမှာ အိန္ဒိယ ခရီးသည်တင်လေယာဥ်ကို ပါကစ္စတန် စစ်တပ်က ယနေ့ ပစ်ချလိုက်လို့ အကုန်သေသွားပါပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
လူအုပ်ကြီးတစ်ခုက လူနေအဆောက်အအုံနောက်ကွယ်ကနေ ထွက်ပေါ်နေတဲ့ အနက်ရောင်မီးခိုးတိုက်ကြီးကို ကြည့်ရှုနေကြတဲ့ ဗီဒီယိုတွေကိုပို့စ်မှာ မျှဝေထားပါတယ်။
အိန္ဒိယအစိုးရက သိပ်မကြာခင်မှာစစ်ရေးတိုက်ခိုက်မှုပြုလုပ်မယ်ဆိုတဲ့ ခိုင်လုံတဲ့ထောက်လှမ်းရေးအချက်အလက်တွေရရှိထားတယ်လို့ ပါကစ္စတန်အစိုးရကပြောဆိုခဲ့ပြီးနောက် ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်က အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လူသေဆုံးမှုရှိခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ယခင်ကတည်းက အေးခဲနေတဲ့ နျူကလီးယားလက်နက်ကိုင် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ရုတ်တရက်ကျဆင်းခဲ့ပြီး အိန္ဒိယဘက်က တိုက်ခိုက်လာပါက ပြန်လည်တုန့်ပြန်သွားမယ်လို့ ပါကစ္စတန်အစိုးရက ဆိုပါတယ်။ (Archived link)
ခရီးသွားတွေကြားကျော်ကြားတဲ့ Pahalgam မှာ လူ ၂၆ ဦးသေဆုံးစေခဲ့တဲ့တိုက်ခိုက်မှုကို ကျောထောက်နောက်ခံပြုလုပ်ပေးခဲ့တယ်လို့ နယူဒေလီအစိုးရက အစ္စလာမာဘတ်အစိုးရကို စွပ်စွဲခဲ့ပါတယ်။ ဒီစွပ်စွဲမှုကို ပါကစ္စတန်ဘက်က ငြင်းပယ်ခဲ့ပြီးနောက် အငြင်းပွားမှုတွေရှိနေတဲ့ နယ်စပ်ဒေသမှာ ဧပြီလ ၂၄ ရက်နေ့ကတည်းက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ညစဥ်ပြုလုပ်ခဲ့ပါတယ်။
စစ်ပွဲဖြစ်ပေါ်နိုင်မှုအခြေအနေကနေ နောက်ဆုတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး မဟာပြိုင်ဘက်ဖြစ်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အငြင်းပွားမှုတွေရှိနေတဲ့ နယ်စပ်ဒေသတစ်လျှောက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်ဘက်စလုံးလူသေဆုံးမှုတွေရှိခဲ့ပါတယ်။ (Archived link)

ပါကစ္စတန်စစ်တပ်က ခရီးသည်တင်လေယာဥ်တစ်စင်းကို ပစ်ချခဲ့တယ်ဆိုတဲ့ တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook မှာ ပြန်လည်မျှဝေနေကြပြီး ကြည့်ရှုမှုအကြိမ်ရေ ၉,၀၀၀ ကျော်ရှိနေပါတယ်။ ဒါပေမဲ့ ဒီပို့စ်တွေက ပျက်ကျသွားတဲ့လေယာဥ်ဟာ အိန္ဒိယကဖြစ်တယ်လို့တော့ မပြောထားပါဘူ။
ပါကစ္စတန်စစ်တပ်က Karachi မြို့မှာ ခရီးသည်တင်လေယာဥ်တစ်စင်းကို ပစ်ချခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ တရားဝင်ထုတ်ပြန်မှုတွေ မရှိပါဘူး။
ပထမဗီဒီယိုဖိုင်ကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ တူညီတဲ့ဗီဒီယိုကို ဗြိတိန်ရဲ့ the Independent သတင်းဌာနက ၂၀၂၀ ခုနှစ်၊ မေလ ၂၂ ရက်မှာ အခြားဗီဒီယိုတွေနဲ့ပေါင်းစည်းဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)
Karachi မြို့အနီးပျက်ကျခဲ့တဲ့ ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (PIA) အကြောင်းဖော်ပြထားတဲ့ သတင်းတင်ပြမှုမှာ တွဲဖက်ဖော်ပြထားတာဖြစ်ပါတယ်။
PIA လေယာဥ်အမှတ် ၈၃၀၃ ဟာ Lahore မြို့ကနေ Karachi မြို့လေဆိပ်ကို ဆင်းသက်ဖို့အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီးနောက် Karachi မြို့တွင်းရှိ လူနေရပ်ကွက်ထဲပျက်ကျခဲ့တယ်လို့ AFP က ဖော်ပြခဲ့ပါတယ်။ ဒီပျက်ကျမှုကြောင့် လေယာဥ်ပေါ်က လူ ၉၇ ဦး သေဆုံးခဲ့ပြီး မြေပြင်ပေါ်က မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ (Archived link)
လေယာဥ်ပျက်ကျမှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးခဲ့သူတွေက လေယာဥ်မှာ ပြဿနာတစ်စုံတစ်ရာမရှိဘူးလို့ဆိုပြီး အစိုးရကလည်း လေယာဥ်မှူးတွေရဲ့ အမှားကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
The Independent ဗီဒီယိုရဲ့ ၅၉ စက္ကန့်ကြာချိန်မှာ မှားယွင်းပို့စ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကို တွေ့နိုင်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒုတိယဗီဒီယိုကို အဲဒီနေ့မှာပဲ the Guardian က YouTube စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။(Archived link)

Kashmir တိုက်ခိုက်မှုကနေ ပေါ်ပေါက်လာတဲ့မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်