
ဂါဇာစစ်ပွဲကဗီဒီယိုကို ကက်ရှ်မီးယားတိုက်ခိုက်မှုကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 မေ 2025 အချိန် 10h46
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Akshita KUMARI, AFP အိန္ဒိယ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"လက်ရှိမှာ အိန္ဒိယ ကက်ရှ်မီးယား၏ ဒေသများကို ပါကစ္စတန်ဘက်က ထိုးစစ်များဟာ တိုက်ခိုက်လျှက်ရှိနေပါတယ်။ မေလ ၈'ရက်"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က လေကြောင်းတိုက်ခိုက်မှုကနေ ထွက်ပြေးနေတဲ့လူတွေရဲ့ ဗီဒီယိုနဲ့အတူ Facebook မှာ မျှဝေထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်က အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသရဲ့ Pahalgam မှာ သေနတ်သမားတွေကြောင့် လူပေါင်း ၂၆ ဦးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ ယခုနှစ်တွေအတွင်း အရပ်သားများအပေါ်အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ပြီး အာဏာပိုင်များက"အကြမ်းဖက်တိုက်ခိုက်မှု"လို့ အမည်တပ်ခဲ့ကြပါတယ်။ (Archived link)
အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန်က ကျောထောက်နောက်ခံပြုထားတယ်လို့ အိန္ဒိယက စွပ်စွဲခဲ့တဲ့နောက် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။ ပါကစ္စတန်က စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး နယူးဒေလီအစိုးရရဲ့ ပြောဆိုချက်တွေကို"သိမ်ဖျင်းတယ်"ဆိုပြီးမှတ်ချက်ပြုခဲ့ပါတယ်။ (Archived link)
အငြင်းပွားမှုတွေရှိနေတဲ့ ကက်ရ်ှမီးယားနယ်စပ်တစ်လျှောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်ကစတင်ပြီး အိန္ဒိယတပ်ဖွဲ့ဝင်တွေနဲ့ ပါကစ္စတန်စစ်သားတွေကြား ညစဥ်ညတိုင်းအပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ အိန္ဒိယစစ်တပ်ကဆိုပါတယ်။

တူညီတဲ့ ဗီဒီယိုကို မြန်မာဘာသာနဲ့ Facebook မှာ ပါကစ္စတန်ရဲ့ အိန္ဒိယအပေါ် ထိုးစစ်ဆိုပြီးပြောဆိုနေကြတဲ့အပြင် အခြား Facebook၊ X နဲ့ Instagram ပိုစ့်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယရဲ့တိုက်ခိုက်မှုလို့လည်း ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ဗီဒီယိုဟာ ကက်ရှ်မီးယားတိုက်ခိုက်မှုမတိုင်ခင်ကတည်းက ဂါဇာရှိ ဟာမက်စ်တွေအပေါ် အစ္စရေးရဲ့ထိုးစစ်တွေအကြောင်း ဖော်ပြတဲ့သတင်းတွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ပိုမိုရှည်လျားတဲ့ ဗီဒီယိုကို Al Jazeera ရဲ့ YouTube စာမျက်နှာမှာ ဂါဇာရှိအင်ဒိုနီးရှားဆေးရုံ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများအကြောင်းဖော်ပြတဲ့ သတင်းနဲ့အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်ကမျှဝေခဲ့တာကိုတွေ့ရပါတယ်။ (Archived link)
"ဂါဇာမြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတွင် ခိုလှုံနေကြသော ထောင်နှင့်ချီသည့်ရွှေ့ပြောင်းဒုက္ခသည်များ ဒဏ်ရာအများအပြားရရှိကြောင်း ပါလက်စတိုင်းပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပြန်" ဆိုပြီး ဗီဒီယိုရဲ့ဖော်ပြချက်မှာ ရေးသားထားပါတယ်။
သတင်းဖော်ပြချက်ရဲ့ ၅ မိနစ်၊ ၆ စက္ကန့်ကြာချိန်မှာ တူညီတဲ့ ဗီဒီယိုကို တွေ့နိုင်ပါတယ်။

တူညီတဲ့တိုက်ခိုက်မှုဗီဒီယိုကို AFP ရဲ့ YouTube စာမျက်နှာမှာ"ဂါဇာကမ်းမြောင်ဒေသ၊ Beit Lahia ရှိ အင်ဒိုနီးရှားဆေးရုံအနီးတိုက်ခိုက်ခံရ"ဆိုတဲ့ခေါင်းစဥ်နဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်က မျှဝေခဲ့ပါတယ်။ (Archived link)
Beit Lahia ရှိ အင်ဒိုနီးရှားဆေးရုံအနီးတစ်ဝိုက် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး ဆေးရုံလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းဖော်ပြချက်တွေကဆိုပါတယ်။ NGO တစ်ခုရဲ့အလှူငွေတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဲဒီဆေးရုံဟာ ဂါဇာမှာနောက်ဆုံးကျန်ရှိတဲ့ ဆေးရုံတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ (Archived links here and here)
တိုက်ခိုက်မှုမတိုင်မီ တစ်ပတ်အလိုမှာ အစ္စရေးစစ်တပ်က ဟာမက်စ်တွေဟာ ဆေးရုံကို အကာအကွယ်ယူပြီး"မြေအောက်ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးဌာနသိုဝှက်မှုတွေ"လုပ်ဆောင်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။ (Archived link)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစပြုခဲ့တဲ့ ဂါဇာရှိ ဟာမက်စ်တွေအပေါ် ထိုးစစ်ကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ နှစ်လကြာ အပစ်အခတ်ရပ်စဲ ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ အစ္စရေးက ပြန်လည်စတင်ခဲ့ပါတယ်။ (Archived link)
အစ္စရေးရဲ့ စစ်ဆင်ရေးပြန်လည်စတင်ကတည်းက သေဆုံးသူအနည်းဆုံး ၂,၄၃၆ ဦး ရှိလာပြီး စစ်ပွဲကြောင့်စုစုပေါင်းသေဆုံးသူ ၅၂,၅၃၅ ဦးအထိရှိတယ်လို့ ဟာမက်စ်အုပ်ချုပ်တဲ့ ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
တရားဝင်ကိန်းဂဏန်းတွေပေါ်မူတည်ပြီး AFP ရဲ့ရေတွက်မှုအရ ဟာမက်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်ခြမ်းမှာ အရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၁,၂၁၈ ဦး သေဆုံးခဲ့ရပါတယ်။
စစ်သွေးကြွတွေက လူပေါင်း ၂၅၁ ဦးကိုလည်း ပြန်ပေးဆွဲခဲ့ပြီး ၅၈ ဦးကို ဂါဇာမှာထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ သူတို့ထဲက ၃၄ ဦးက သေဆုံးသွားပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
AFP က Pahalgam တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အခြားမှားယွင်းပြောဆိုမှုတွေကိုလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်