
၂၀၂၄ ခုနှစ် အိန္ဒိယလေယာဉ်ပျက်ကျမှုကဓာတ်ပုံကို ပါကစ္စတန်ပစ်ချတဲ့ စစ်လေယာဉ်ဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 မေ 2025 အချိန် 10h41
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 05 ဇွန် 2025 အချိန် 10h15
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Chayanit ITTHIPONGMAETEE, AFP Thailand
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အိန္ဒိယ စစ်လေယာဉ် ငါးစီးကို ပါကစ္စတန် ပစ်ချထားပြီး စစ်သားများကို ဖမ်းထားပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
အဲဒီပိုစ့်မှာ ပျက်ကျခဲ့တဲ့ ဂျက်လေယာဉ်တစ်စင်း မီးလောင်နေတဲ့ ဓာတ်ပုံကိုဖော်ပြထားပါတယ်။

အိန္ဒိယက သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပါကစ္စတန်ကို လူအသေအပျောက်များစေတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံတွေအကြား ဆယ်စုနှစ်နှစ်ခုအတွင်း အဆိုးရွားဆုံး တင်းမာမှုတွေဖြစ်ပေါ်လာကာ အငြင်းပွားမှုတွေရှိနေတဲ့ နယ်စပ်ဒေသတစ်လျှောက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြပါတယ်။ (Archived link)
အစ္စလာမာဘတ်အစိုးရက အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ပြောဆိုခဲ့ပြီး နယူးဒေလီအစိုးရက ပါကစ္စတန်ရဲ့ လက်နက်ကြီးကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့တာကြောင့် စုစုပေါင်း အနည်းဆုံး ၄၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရှိရပါတယ်။
အိန္ဒိယအပိုင် အငြင်းပွားကက်ရှ်မီးယားဒေသက ခရီးသွားတွေအသက်ဆုံးရှုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေတယ်ဆိုပြီး နယူးဒေလီအစိုးရက အစ္စလာမာဘတ်အစိုးရကို ပြစ်တင်စွပ်စွဲခဲ့ပြီးနောက် တင်းမာမှုတွေက ပိုမိုသိသာထင်ရှားလာခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်ကို ပါကစ္စတန်က ပယ်ချခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Ahmed Sharif Chaudhry က နယ်စပ်တစ်လျှောက် အိန္ဒိယဂျက်လေယာဉ်ငါးစင်းကို ပစ်ချခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေကို မြန်မာဘာသာအပြင် ထိုင်း၊ အင်္ဂလိပ်၊ ဘင်္ဂါလီ စတဲ့ဘာသာစကားတွေနဲ့လည်း မျှဝေနေကြပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဒေသတွင်းသတင်းဌာနများစွာနဲ့ အမေရိကန်အခြေစိုက် Muslim Network TV တို့မှာပါ တွေ့ရပါတယ်။
AFP က ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ သက်ဆိုင်ရာဗီဒီယိုကို အိန္ဒိယသတင်းဌာနဖြစ်တဲ့ India Today ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က သတင်းဆောင်းပါးမှာ တွေ့ခဲ့ရပါတယ်။ (Archived link)
ဂျက်လေယာဉ်က ပုံမှန်ညပိုင်းလေ့ကျင့်ရေးတာဝန်ဆောင်ရွက်နေစဥ် Rajasthan ပြည်နယ်၊ Barmer ခရိုင်မှာ ပျက်ကျခဲ့တယ်လို့ ဆောင်းပါးမှာဖော်ပြထားပါတယ်။

အိန္ဒိယရုပ်သံလိုင်း NDTV ရဲ့ သတင်းတင်ဆက်မှုကလည်း တူညီတဲ့ မီးတောက်တွေနဲ့ လေယာဉ်ရဲ့ ဗီဒီယိုကို ဖော်ပြခဲ့ပါတယ်။ (Archived link)
နောက်တစ်ရက်အကြာမှာ "IAF MiG-29 အမျိုးအစား ဂျက်လေယာဉ်က Barmer ဒေသမှာ ညပိုင်းပုံမှန်လေ့ကျင့်ရေးတာဝန်ဆောင်ရွက်နေစဥ်အတွင်း ဆိုးရွားတဲ့ စက်ချို့ယွင်းမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသောကြောင့် လေယာဉ်မှူး အရေးပေါ်ခုန်ထွက်ခဲ့ရ" ဆိုပြီး အိန္ဒိယလေတပ်ရဲ့ X စာမျက်နှာမှာ ရေးသားထားပါတယ်။ (Archived link)
"လေယာဉ်မှူး ဘေးအန္တရာယ်ကင်းရှင်းပြီး လေယာဉ်ပျက်ကျမှုကြောင့်အခြား အသက်အိုးအိမ်ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိ။ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းပြီး။"
AFP အနေနဲ့ ကက်ရှ်မီးယားတိုက်ခိုက်မှုနဲ့ ပက်သတ်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။June 5, 2025 ‘အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး’ tag အားဖြည့်စွက်ပြီး ဤဆောင်းပါးကို အပ်ဒိတ်ပြုလုပ်ထားသည်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်