အိန္ဒိယနဲ့တင်းမာမှုတွေမြင့်တက်နေချိန် ပါကစ္စတန်မီးလောင်မှုဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 မေ 2025 အချိန် 04h59
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Rimal FARRUKH, AFP ပါကစ္စတန်
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
အငြင်းပွားမှုတွေရှိနေတဲ့ ကက်ရှ်မီးယားဒေသမှာ လူသေဆုံးမှုတွေရှိခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် နယူးဒေလီအစိုးရနဲ့ အစ္စလာမာဘတ်အစိုးရတို့ကြား တင်းမာမှုတွေတိုးမြင့်နေချိန်မှာ နှစ်အတော်ကြာက ဗီဒီယိုဟောင်းတစ်ခုဟာ လီပါတောင်ကြားမှာ အိန္ဒိယစစ်တပ်က ပါကစ္စတန်စစ်တပ်အပေါ် ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့အတူ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ၂၀၂၂ ခုနှစ် မတ်လကတည်းက ပါကစ္စတန်နိုင်ငံ Sialkot မြို့ရဲ့ ကင်းစောင့်တပ်တစ်ခုအနီး မီးလောင်မှုဖြစ်ပွားတဲ့အကြောင်း သတင်းဖော်ပြချက်တွေမှာ ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုဖြစ်ပါတယ်။    

အဝေးတစ်နေရာမှာ ပေါက်ကွဲသံတွေနဲ့အတူမီးလောင်ကျွမ်းနေတာပြတဲ့ ဒီဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်က Facebook မှာ မျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ရေ ၁,၁၀၀ ကျော်ရှိနေပါတယ်။   

"အိန္ဒိယ Vs ပါကစ္စတန် စစ်ပွဲပြင်းထန်နေ ကက်ရှ်မီးယားရဲ့ လီပါတောင်ကြားမှာ အိန္ဒိယစစ်တပ်က ပါကစ္စတန်စစ်တပ်အပေါ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ဗီဒီယိုမှာ စာသားပါရှိပါတယ်။  

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်က အိန္ဒိယအပိုင် ကက်ရှ်မီးယားဒေသမှာ လူအသေအပျောက်များခဲ့တဲ့ ခရီးသွားတွေတိုက်ခိုက်ခံရမှုအပြီး နယ်စပ်ဖြတ်ကျော်သောင်းကျန်းသူတွေကို အထောက်အပံ့ပေးနေတယ်လို့ အစ္စလာမာဘတ်ကို နယူးဒေလီကစွပ်စွဲခဲ့တဲ့နောက် နျူကလီးယားလက်နက်ကိုင်ပြိုင်ဘက်တွေအကြား ဆက်ဆံရေးဟာ ယခုနှစ်ပိုင်းအတွင်း အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ (Archived link) 

Pahalgam ရဲ့ ခရီးသွားအချက်အချာနေရာမှာ သေနတ်သမားကြောင့် လူပေါင်း ၂၆ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒါက မွတ်စလင်အများစုနေထိုင်ရာဒေသရဲ့ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။   

 အစ္စလာမာဘတ်က နယူးဒေလီရဲ့စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး အိန္ဒိယစစ်တပ်ရဲ့ပြောဆိုမှုအရ ကက်ရ်ှမီးယားနယ်စပ်ဒေသမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်ကစတင်ပြီး ညစဥ် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြပါတယ်။ (Archived link) 

Image
မှားယွင်းတဲ့ Facebook ဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က ရယူထားတဲ့ Screenshot

တူညီတဲ့မှားယွင်းပြောဆိုမှုတွေနဲ့ ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာမျှဝေနေကြတဲ့အပြင် X မှာလည်းမျှဝေနေကြပါတယ်။  

Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဗီဒီယိုကို  News 247 Urdu ရဲ့ YouTube စာမျက်နှာကနေ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်က မျှဝေထားတာကို တွေ့ခဲ့ရပါတယ်။ (Archived link) 

"Breaking News: Sialkot တပ်မြို့၏နောက်ဆုံးအခြေအနေ၊ ယနေ့ Sialkot မီးလောင်မှု" ဆိုပြီး ဗီဒီယိုခေါင်းစဥ်ကိုရေးသားထားပါတယ်။

Image
မှားယွင်းတဲ့ ဗီဒီယို(ဘယ်)ကို YouTube ဗီဒီယို (ညာ) နဲ့ နှိုင်းယှဉ်ထားတဲ့ Screenshot

လက်နက်သိုလှောင်ရုံအတွင်း ဝါယာရှော့ခ် ဖြစ်ရာကနေမီးလောင်ကျွမ်းမှုစတင်ခဲ့ပြီး အချိန်မီ ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာကြောင့် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ (Archived link)

ဗီဒီယိုကရုပ်ပုံတွေကို Independent Urdu နဲ့ Pakistan Today စတဲ့ သတင်းဌာနတွေရဲ့ ဆောင်းပါးတွေမှာလည်းတွေ့နိုင်ပါတယ်။ (Archived links here and here) 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်