
ဒီဗီဒီယိုဟာ ထိုင်းလောင်းကစားဆိုင်ရာဥပဒေ ဆန့်ကျင်ဆန္ဒပြပွဲကဖြစ်ပြီး မြန်မာ့စစ်ခေါင်းဆောင်ကို ဆန္ဒပြမှုမဟုတ်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဧပြီ 2025 အချိန် 10h53
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Pasika KHERNAMNUOY, AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်က မျှဝေထားတဲ့ ဒီဗီဒီယိုမှာ "မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံမလာဖို့ ထိုင်းပြည်သူတွေ ဆန္ဒပြ" (မူရင်းအတိုင်း) ဆိုတဲ့ မြန်မာစာသားပါရှိပါတယ်။
အစိမ်းနက်ရောင်ရှပ်အင်္ကျီတွေဝတ်ဆင်ထားတဲ့ လူတစ်စုဟာ အလံတွေကိုင်ဆောင်ထားပြီး လမ်းမတစ်ခုပေါ် ချီတက်နေကြတာကို ဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃,၇၀၀ ကျော်သေဆုံးခဲ့ပြီး တစ်ပတ်အကြာ ဧပြီလ ၄ ရက်နေ့မှာ ဘန်ကောက်မြို့က အစည်းအဝေးပွဲတစ်ခုကိုတက်ရောက်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖိတ်ကြားခံခဲ့ရပြီးနောက် တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုဟာ Facebook၊ YouTube၊ Instagram၊ Threads နဲ့ TikTok တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။
မတ်လထဲမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာရှိတဲ့ ဆောက်လက်စ အထပ်မြင့်အဆောက်အအုံတစ်ခု ချောက်ချားဖွယ်ပြိုကျခဲ့ပြီး လူ ၅၃ ဦး အနည်းဆုံး သေဆုံးခဲ့ပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီအစည်းအဝေးမှာတက်ရောက်ဖို့ ဖိတ်ကြားတဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာက ရှုတ်ချခဲ့သလို၊ ဆန့်ကျင်သူတွေကလည်း “မင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ အဓိပ္ပါယ်ရတဲ့ စာသားပါဘန်နာကို အစည်းအဝေးအခန်းအမအနီးက တံတားတစ်ခုမှာချိတ်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။ (Archived link)
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာမွတ်စလင်တွေကို မျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေကြောင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) ရှေ့နေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုစွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ပြန်ခြင်းခံထားရသလို ကမ္ဘာလုံးဆိုင်ရာပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံတွေ့နေရသူဖြစ်ပါတယ်။
အပျက်အစီးများတဲ့ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးကတည်က စစ်ကောင်စီဟာ ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကူညီကယ်ဆယ်ရေးတွေ ချောချောမွေ့မွေ့ရောက်ရှိနိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ၁၆ ခုလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ ဘင်္ဂလားပင်လယ်အော်နယ်နိမိတ်နိုင်ငံခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရောက်ရှိခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ကို ထိုင်းအစိုးရက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။
ဒီဗီဒီယိုဟာ မင်းအောင်လှိုင်ဆန့်ကျင်ရေးဆန္ဒပြပွဲကလို့ ယုံကြည်နေကြတာကို ပို့စ်အောက်က မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
"ကိုယ့် နိုင်ငံ ခေါင်းဆောင်ကို ထိုင်းက ဆန်ဒ ပြ" (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပြီး "Thank you, Fighting Thailand" (မူရင်းအတိုင်း) ဆိုပြီးလည်း မှတ်ချက်တွေ့ရပါတယ်။
ကာစီနိုဥပဒေ
ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို စစ်တပ်ခေါင်းဆောင် ထိုင်းနိုင်ငံကို မသွားရောက်မီ ရက်အနည်းငယ်အလို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကတည်းက TikTok မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"ညီအစ်ကို မောင်နှမတွေ ဒုက္ခရောက်နေကြတယ်။ ဒီနေ့ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်" ဆိုတဲ့ ထိုင်းဘာသာစကားနဲ့ စာသားကိုလည်း ဒီဗီဒီယိုထဲမှာ ထည့်သွင်းထားပါတယ်။

အဲဒီနေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံအတွင်း ကာစီနိုလုပ်ငန်းတွေကို တရားဝင်လုပ်ကိုင်ခွင့်ပြုမယ့် အစိုးရဥပေဒတစ်ရပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။ (Archived link)
အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ တစ်နေ့တည်းမှာပဲ မျှဝေထားတဲ့ ဒီ Facebook live ဗီဒီယိုကို တွေ့ရပါတယ်။ ဒီဗီဒီယိုထဲမှာ တူညီတဲ့ ဆန္ဒပြသူတွေကိုတွေ့နိုင်ပါတယ်။ (Archived link)


ကာစီနိုလုပ်ငန်းဆန့်ကျင်ရေးဆန္ဒပြပွဲအကြောင်း ဖော်ပြထားတဲ့ ဒေသတွင်းသတင်းတစ်ခုမှာလည်း ဒီဆန္ဒပြလူအုပ် ခဏတာတွေ့နိုင်ပါတယ်။ (Archived link)
ဗီဒီယိုထဲက ပုံရိပ်တွေဟာ ထိုင်းလွှတ်တော်အဆောက်အအုံကို ဦးတည်နေတဲ့ လမ်းမတစ်ခုရဲ့ Google Maps ဓာတ်ပုံတွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။ (Archived link)
မြန်မာစစ်တပ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်နဲ့ပက်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်