ဘန်ကောက်အဆောက်အအုံပြိုကျမှုဗီဒီယိုကို ချင်းမိုင်ငလျင်လှုပ်ခတ်မှုကဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 ဧပြီ 2025 အချိန် 08h01
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Pasika KHERNAMNUOY, AFP Thailand
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အသေးစားငလျင်တွေ လှုပ်ခတ်ခဲ့တဲ့နောက် အဲဒီငလျင်တွေကြောင့် ပြိုကျခဲ့ရတဲ့ အဆောက်အအုံဆိုပြီး ဗီဒီယိုဟောင်းတစ်ခုကို မှားယွင်းမျှဝေနေကြပါတယ်။  ဒေသခံအာဏာပိုင်တွေက ငလျင်ငယ်တွေကြောင့် အထပ်မြင့်အဆောက်အဦးတွေ ထိခိုက်တာမျိုးမရှိဘူးလို့ AFP ကိုပြောပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့လက မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၇ ဒဿမ ၇ အဆင့်ရှိတဲ့ ကြောက်မက်ဖွယ်ငလျင်ကြီးကြောင့် ဘန်ကောက်အထပ်မြင့်အဆောက်အဦး ပြိုကျခဲ့စဥ်က ဗီဒီယိုပဲဖြစ်ပါတယ်။ 

"ချင်းမိုင်ငလျင်လုပ် တိုက်တစ်လုံးပြိုကျ ဘေးကင်းကြပါစေ" (မူရင်းအတိုင်း) ဆိုပြီး ကြည့်ရှုမှုအကြိမ်ရေ  ၂၇,၀၀၀ ကျော်ရှိတဲ့ ဒီ Facebook ဗီဒီယိုမှာရေးသားထားပါတယ်။

ဗီဒီယိုမှာ လူစည်ကားတဲ့ လမ်းတစ်ခုပေါ် တလိပ်လိပ်တက်လာတဲ့ဖုံလုံးကြီးနဲ့အတူ အလုအယက်ပြေးလွှားနေကြတဲ့ လူတွေကိုတွေ့ရပါတယ်။  

ချင်းမိုင်မြို့ အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်တော်များများမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်က ငလျင်အသေးစားတွေလှုပ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ဒီမှားယွင်းဗီဒီယို ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။ (Archived links here and here)  

ဒီအသေစားငလျင်တွေဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကိုပါ သက်ရောက်ခဲ့တဲ့ ပြင်းအား ၇ ဒဿမ ၇ မဂ္ဂနီကျုအဆင့်ရှိ ကြောက်မက်ဖွယ်ငလျင်ကြီး လှုပ်ခတ်ပြီးနောက်  တစ်လမပြည့်ခင်အချိန်အတွင်းမှာပဲ  လှုပ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ (Archived link) 

Image
ဧပြီလ ၂၈ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot

တူညီတဲ့ဗီဒီယိုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်က ချင်းမိုင်မြို့မှာ  ရိုက်ကူးခဲ့တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေနဲ့ မြန်မာထိုင်းခမာ စတဲ့ ဘာသာစကားတွေနဲ့ Facebook အပြင် TikTok နဲ့ YouTube မှာပါပျံ့နှံ့နေပါတယ်။   

ဒါပေမဲ့ ချင်းမိုင်မြို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် လျော့ပါးသက်သာစေရေးဌာနရဲ့ အကြီးအကဲ Dusit Pongsapipat က အဲဒီပိုစ့်တွေဟာ "သတင်းမှား" တွေကို ဖြန့်ဝေနေကြတာလို့ဆိုပါတယ်။   

"မတ်လ ၂၈ ရက်နေ့ကရော ဧပြီ ၂၁ ရက်နေ့ကပါ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် ချင်းမိုင်မြို့မှာ အဆောင်အဦးပြိုကျတဲ့ သတင်းထုတ်ပြန်ချက်မျိုး မတွေ့ရသေးဘူး" ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်က AFP ကိုပြောပါတယ်။  

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှာ မှတ်တမ်းတင်ထားတဲ့ ပြင်းအားနိမ့်ငလျင်တွေက နေထိုင်သူတွေ ခံစားသိရှိနိုင်ဖို့နဲ့ အဆောက်အဦးပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်စေနိုင်လောက်အောင် သိသာခြင်းမရှိဘူးလို့  US Geological Survey မှာတွေ့ရပါတယ်။ (Archived link) 

အဓိကကျတဲ့ စကားလုံးတွေသုံးပြီးရှာဖွေကြည့်ရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒဿမ ၇ မဂ္ဂနီကျု့ရှိတဲ့ ငလျင်လှုပ်ခတ်စဥ်က ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အဦးတစ်ခုပြိုကျတဲ့ တူညီတဲ့ TikTok ဗီဒီယိုကိုတွေ့ခဲ့ရပါတယ်။ (Archived links here and here)  

TikTok ဗီဒီယိုမှာ ထိုင်းနိုင်ငံမြို့တော်က လူသိများတဲ့ စျေးတစ်ခုရဲ့ hashtag ပါရှိတဲ့အပြင် မြင်ကွင်းတွေကလည်း အဲဒီစျေးနဲ့ ထပ်တူညီပါတယ်။  

Image
မှားယွင်းပို့စ်က ဗီဒီယိုရဲ့ဓာတ်ပုံ (ဘယ်)ကို ဆင်တူတဲ့ TikTok ဗီဒီယိုက ဓာတ်ပုံတွေနဲ့ တူညီမှုတွေကို AFP က အမှတ်အသားပြုလုပ်ထား

ဗီဒီယိုထဲက လမ်းမဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြိုကျခဲ့တဲ့ အထပ်မြင့်အဆောက်အဦးရဲ့  မျက်နှာချင်းဆိုင်မှာရှိတဲ့ စျေးဝယ်စင်တာတစ်ခုရှေ့ကဆိုတာကို AFP က Google Maps မှာအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link) 

Image
မှားယွင်းဖော်ပြထားတဲ့ပို့စ်က ဗီဒီယို (ဘယ်)ကို ဘန်ကောက်မြို့ရဲ့ Google Street View ဓာတ်ပုံနဲ့ နှိုင်းယှဥ်ထားပြီး တူညီမှုတွေကို AFP က အမှတ်အသားပြထားပုံ

AFP အနေနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်နဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်