ကယ်ဆယ်ရေး ဗီဒီယိုဟောင်းတစ်ခုကို လူအသေအပျောက်များခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအပြီး နှစ်ပတ်အကြာမှာတွေ့ရတဲ့ ထိုင်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူအဖြစ် မှားယွင်းမျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဧပြီ 2025 အချိန် 11h54
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Pasika KHERNAMNUOY, AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း အဆောက်အဦတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့တဲ့နောက် အပျက်အစီးတွေအောက်က နှစ်ပတ်အကြာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လူတစ်ယောက်ဆိုတဲ့ ဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့နေပါတယ်။ ဗီဒီယိုကို ငလျင်လှုပ်ခတ်တဲ့နေ့က ရိုက်ကူးခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက AFP ကိုပြောကြားခဲ့ပြီး အာဏာပိုင်တွေကလည်း အဲဒီနေ့ကတည်းက အသက်ရှင်ကျန်ရစ်သူ တွေ့ရခြင်းမရှိဘူးလို့ဆိုပါတယ်။    

"14 ရက်တောင် ရေမသောက်ရ အစားမစားရ တိုက်အောက်မှာ အသက်ရှင်သေးတယ်ဆိုတော့ အရမ်းကံကောင်းလို့ဘဲ Thank you so much Team Rescues" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ ရေးသားထားပါတယ်။  

ကြည့်ရှုမှုအကြိမ်ရေ ၅,၃၀၀ ကျော်ရှိတဲ့ ဗီဒီယိုမှာ လူတစ်ယောက်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျနေတဲ့ အဆောက်အဦအောက်က ဆွဲထုတ်လာတာကို တွေ့ရပါတယ်။  

"သူကအရမ်းတော်တာပဲ။ သူဒီလောက်ကြာအောင် နေခဲ့ရတာ။ အရမ်းစိတ်ရှည်တယ်။ ၁၁/၄/၆၈"ဆိုပြီး ထိုင်းဘာသာစကားနဲ့ ဗီဒီယိုရဲ့ အပေါ်ဘက်နားမှာ ထည့်သွင်းရေးသားထားပါတယ်။  

"14ရက် တောင့်ခံထားတာဆိုတော့ သေလို့မရတဲ့ အကြောင်းတွေရှိနေလို့ထင်တယ်" (မူရင်းအတိုင်း) ဆိုပြီး ဗီဒီယိုရဲ့ အောက်ဘက်နားမှာ မြန်မာဘာသာနဲ့လည်း ထည့်သွင်းရေးသားထားပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်က ရယူထားတဲ့ Screenshot

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု့  ၇ ဒဿမ ၇ ပြင်းအားရှိ ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ကီလိုမီတာရာချီဝေးကွာတဲ့ တရုတ် နဲ့ ထိုင်းနိုင်ငံတွေမှာလည်း တုန်ခါမှုကို ခံစားခဲ့ကြရပါတယ်။  

ဘန်ကောက်မှာ ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အဦတစ်ခုပြိုကျခဲ့တာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရပြီး တရုတ်လူမျိုးပိုင် ကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ (Archived links here and here)

နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေရှာဖွေနိုင်ဖို့ မျှော်လင့်ချက်ဖြစ်တဲ့ အလင်းရောင်မှိန်ပြပြကို အပျက်အစီးတွေအောက်မှာ တွေ့ရတယ်ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ထိုင်းနိုင်ငံအခြေစိုက်မီဒီယာတွေက ဖော်ပြခဲ့တဲ့နောက် မှားယွင်းပြောဆိုမှုတွေက Facebook မှာ ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။  (Archived links here and here) 

ဒါပေမဲ့ ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေး (BMA)က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်မှာ ပြိုကျနေတဲ့ အဆောက်အဦအောက်က နောက်ထပ်ရုပ်အလောင်း  ၅ ခု ရှာဖွေတွေ့ရှိခဲ့တယ်လို့  ထုတ်ပြန်ခဲ့ပါတယ်။ (Archived link) 

လူမှုကွန်ရက်အသုံးပြုသူအချို့က အခုရက်ပိုင်းအတွင်း ကယ်တင်ခံခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူရဲ့ ရုပ်သံဖိုင်အဖြစ် ယုံကြည်နေပုံရပါတယ်။ 

"Well done team.Thanks for your amazing work you have done for the earthquake victim." (မူရင်းအတိုင်း) ဆိုပြီး အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။  

"ဝမ်းသာလိုက်တာ အမြန်ဆုံးသက်သာပါစေရှင်" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားထားပါတယ်။   

ဒါပေမဲ့ မှားယွင်းတဲ့ ဗီဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး Google ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာမှာ ထိုင်းနိုင်ငံအနှံ့ ပရဟိတကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေအကြောင်း မျှဝေလေ့ရှိတဲ့ ထိုင်းနိုင်ငံ မီးသတ် နှင့် ကယ်ဆယ်ရေး Facebook စာမျက်နှာကနေပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က တူညီတဲ့ မြင်ကွင်းကို အခြားရှုထောင့်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကို မျှဝေခဲ့တာတွေ့ရပါတယ်။ (Archived link)  

"ငလျင်ကြောင့်ပြိုကျခဲ့ရသော အဆောက်အဦ အပျက်အစီးတွေအောက်မှ အသက်ရှင်ကျန်ရစ်သူကို ည ၈ နာရီတွင် ကယ်ထုတ်နိုင်ခဲ့သည့် အခိုက်အတန့်"ဆိုပြီး စာသားပါရှိပါတယ်။  

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှာ Page Admin က ရုပ်သံဖိုင်ကို  Ruamkatanyu ပရဟိတအဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတစ်ဦး ရိုက်ကူးခဲ့တယ်လို့ AFP ကို အတည်ပြုပြောဆိုခဲ့ပြီး "ဗီဒီယို အဟောင်းပါ၊ ဧပြီလ ၁၁ နေ့ကမဟုတ်ပါဘူး" လို့ဆိုပါတယ်။  

Image
မှားယွင်းတဲ့ ဗီဒီယို (ဘယ်) နဲ့ ထိုင်းနိုင်ငံ မီးသတ် နှင့် ကယ်ဆယ်ရေးကမျှဝေတဲ့ ဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြီး တူညီတဲ့ကယ်ဆယ်ရေးအဖွဲ့သားတွေကို AFP မှမြင်သာအောင်အမှတ်အသားပြုလုပ်ထား

ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေး (BMA)က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ အသက်ရှင်ကျန်ရစ်သူ ၉ ယောက်ကိုကယ်တင်နိုင်ခဲ့ပြီး အဲဒီအချိန်ကတည်းက အသက်ရှင်လျက် တစ်ဦးမှမတွေ့ရသေးဘူးလို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှာ AFP ကိုအတည်ပြုပြောကြားခဲ့ပါတယ်။    

"ဧပြီလ ၁၁ ရက်နေ့ ကယ်ဆယ်ရေးတုန်းက အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ မတွေ့ခဲ့ရပါဘူး" ဆိုပြီး BMA ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။   

Thai EnquirerBBC Newsနဲ့ France 24တို့အပါအဝင် အခြားသောသတင်းဌာနတွေကလည်း ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြချက်တွေမှာ တူညီတဲ့ ဗီဒီယိုကို အသုံးပြုခဲ့ကြပါတယ်။ (Archived  links here, here, and here) 

AFP အနေနဲ့ ငလျင်နဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်ခ့်မှာ အချက်အလက်စိစစ် ခဲ့ပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်