
ချင်းမိုင်မြို့က မြေယာအခွင့်အရေးဆိုင်ရာဆန္ဒပြပွဲကို မင်းအောင်လှိုင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဧပြီ 2025 အချိန် 09h27
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်" (မူရင်းအတိုင်း) ဆိုပြီး ဧပြီလ ၄ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
အဆောက်အအုံကြီးတစ်ခုအရှေ့ ကြွေးကြော်နေကြတဲ့ လူတစ်စုရဲ့ ဗီဒီယိုကို ပို့စ်မှာဖော်ပြထားပြီး တူညီတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။ ဗီဒီယိုကြည့်ရှုမှုအကြိမ်ရေဟာလည်း ၃,၈၀၀ ကျော်ရှိနေပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook၊ YouTube နဲ့ TikTok တွေမှာလည်း မျှဝေနေကြပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ခမ်းနားတဲ့ဘန်ကောက်ဟိုတယ်တစ်ခုမှာ ဘင်္ဂလားပင်လယ်အော်နယ်နမိတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့နောက် အခုလို မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူပေါင်း ၃,၆၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဆိုးရွားတဲ့ငလျင်လှုပ်ခတ်မှုအပြီး ရက်သတ္တပတ် တစ်ပတ်အကြာမှာ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ (Archived link)
စစ်တပ်ခေါင်းဆောင်က ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရမှုကို ရှုံ့ချတာတွေရှိခဲ့တဲ့အပြင် ဆန္ဒပြသူတွေက "မင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး" လို့ဆိုတဲ့စာသားနဲ့ ဘန်နာတစ်ခုကို ဆွေးနွေးပွဲခန်းမအနီးက တံတားတစ်ခုပေါ်မှာ ချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ စစ်တပ်ခေါင်းဆောင် ဘန်ကောက်မြို့ကို မသွားရောက်မီ ရက်အနည်းငယ်အလိုက ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ မြေယာအခွင့်အရေးဆိုင်ရာ ဆန္ဒပြပွဲတစ်ခုကဖြစ်ပါတယ်။
Facebook ဗီဒီယိုထဲမှာ တွေ့ရတဲ့ အကောင့်ရေစာကို TikTok မှာရှာဖွေကြည့်တဲ့အခါ မတ်လ ၃၀ ရက်က မျှဝေထားတဲ့ ဒီမူရင်းဗီဒီယိုကို တွေ့ရပြီး "မြေယာအခွင့်အရေးအတွက် ဆန္ဒပြပွဲ" ဆိုတဲ့ hashtag နဲ့ စာသားကိုလည်း တွေ့ရပါတယ်။ (Archived link)
ဒီဆန္ဒပြပွဲက အခြားဗီဒီယိုတွေကိုလည်း ဒီအကောင့်က မျှဝေထားပြီး မြေယာအခွင့်အရေးရရှိရေး တောင်းဆိုထားတဲ့ စာသားတွေလည်း ထည့်သွင်းထားပါတယ်။ (Archived here and here)
"သင့်ရဲ့မြေယာအဆင်သင့်ဖြစ်ရင် သောင်းနဲ့ချီတဲ့ငါတို့တွေ ဝင်နေဖို့အဆင်သင့်ပဲ" လို့အဓိပ္ပါယ်ရတဲ့ ထိုင်းဘာသာစကားနဲ့ စာသားကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ထိုင်းရုပ်သံဌာနတစ်ခုဖြစ်တဲ့ Thai PBS ကလည်း ဒီဆန္ဒပြပွဲက ဆင်တူဓာတ်ပုံတွေကို မတ်လ ၂၉ ရက်က Facebook ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ သစ်တောအခြေစိုက်ဒေသခံတွေနဲ့ တောင်ပိုင်းဒေသလယ်သမားအဖွဲ့တွေ ချင်းမိုင်မြို့တော်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး ဒေသခံတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ သစ်တောထိမ်းသိမ်းရေးဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ ဒီပို့စ်မှာ ဖော်ပြထားပါတယ်။ (Archived link)
Thai PBS ရဲ့ ဓာတ်ပုံတစ်ပုံမှာပါတဲ့ လူတစ်ချို့ကို TikTok ဗီဒီယိုထဲမှလည်း တွေ့ရပါတယ်။ (Archived link)

Google Street View ဓာတ်ပုံအရ TikTok ဗီဒီယိုထဲက အဆောက်အအုံဟာ ဘန်ကောက်မြို့နဲ့ ၅၉၀ ကီလိုမီတာ (၃၇၀ မိုင်) အကွာမှာရှိတဲ့ ချင်းမိုင်မြို့တော်ခန်းမဖြစ်နေတာတွေ့ရပါတယ်။ (Archived link)
မြန်မာနိုင်ငံက ငလျင်နဲ့သက်ဆိုင်တဲ့ အခြားမှားယွင်းပြောဆိုချက်တွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်