
မလေးရှားက ရွှံ့မီးတောင် ဗီဒီယိုဟောင်းတစ်ခုကို မြန်မာနိုင်ငံငလျင်အဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 ဧပြီ 2025 အချိန် 07h50
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Nyan Tun SHEIN, Najmi Mamat, AFP Thailand, AFP မလေးရှား
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ငလျှင်လာစခဲ့နေရာတဲ့ Mandalay တိုင်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်ကမျှဝေထားတဲ့ ဒီ Facebook ဗီဒီယိုမှာ ထည့်သွင်းရေးသားထားပါတယ်။
မီးခိုးရောင်ရွှံ့နွံတွေ ပွက်ပွက်ဆူပြီး အစုလိုက်အပြုံလိုက်ပေါက်ကွဲထွက်လာတဲ့ ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၂.၉ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ လူပေါင်း ၃,၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့ ၇.၇ မဂ္ဂနီကျု့ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီး ရက်ပိုင်းအကြာမှာ အဲဒီမှားယွင်းတဲ့ ဗီဒီယိုက Facebook၊ YouTube နဲ့ TikTok စာမျက်နှာတွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။(Archived link)
တူညီတဲ့ မှားယွင်းပြောဆိုမှုတွေဟာ ထိုင်းနိုင်ငံရဲ့လူမှုကွန်ရက်မှာလည်း ပျံ့နှံ့နေပါတယ်။
ပင်မငလျင်ကြီးလှုပ်ခတ်ပြီး ငါးရက်အကြာမှာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရွှံ့မီးတောင်တစ်ခု ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့ပေမဲ့ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုက ငလျင်လှုပ်ခတ်မှုမတိုင်ခင် ၂ နှစ်အလိုကတည်းက မလေးရှားနိုင်ငံမှာ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ (Archived link)
ဗီဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ Tabin တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာရှိတဲ့ Tabin တောရိုင်းတိရစ္ဆာန်အပန်းဖြေစခန်းရဲ့ Facebook စာမျက်နှာမှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က မျှဝေထားတဲ့ ထပ်တူညီတဲ့ ဗီဒီယိုတစ်ခုကို တွေ့ခဲ့ရပါတယ်။ (Archived links here and here)
"Tabin တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ Lipad ရွှံ့မီးတောင်သည် ယနေ့ နံနက် ၁၀ နာရီတွင် ၃ မိနစ်ခန့်ကြာ မီးတောင်ချော်ရွှံ့နွံများ ပန်းထွက်ခဲ့သည်။" ဆိုပြီး ပိုစ့်မှာရေးသားထားပါတယ်။
အဲဒီဖြစ်စဉ်ကို ငှက်ကြည့်ဧည့်လမ်းညွှန်နဲ့ အပန်းဖြေစခန်းရဲ့ ဧည့်သည်တွေက မြင်တွေ့ခဲ့ရတယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။
Lipad ရွှံ့မီးတောင်ဟာ ဘေးမဲ့တောအတွင်း အကြီးဆုံးရွှံ့မီးတောင် ဖြစ်ပါတယ်။ မြေကြီးထဲမှာ စုပုံလာတဲ့ ရွှံ့တွေရဲ့ဖိအားတွေကို ပုံမှန်လျှော့ချပေးဖို့လိုအပ်တာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ (Archived link)

Tabin တောရိုင်းတိရစ္ဆာန်အပန်းဖြေစခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗီဒီယိုကို သူတို့ရဲ့ ဧည့်လမ်းညွှန်က ၂၀၂၂ ခုနှစ်တုန်းက ရိုက်ကူးခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်က AFP ကိုပြောကြားခဲ့ပါတယ်။
"ဟုတ်ပါတယ်။ ဘေးမဲ့တောထဲက ရွှံ့မီးတောင်က ဗီဒီယိုအွန်လိုင်းပေါ်တင်တဲ့နေ့ကပဲ ပေါက်ကွဲခဲ့တာပါ" လို့သူမကဆိုပါတယ်။
အဲဒီဗီဒီယိုက Google Maps မှာတွေ့ရတဲ့ သစ်ပင်တွေဝန်းရံထားတဲ့ တောတွင်းလဟာပြင်တစ်ခုမှာ ပွက်ပွက်ဆူပြီးပေါက်ကွဲထွက်လာတဲ့ မီးခိုးရောင်ချော်ရည်တွေရဲ့ ဗီဒီယိုနဲ့လည်း တူညီပါတယ်။ (Archived link)

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှာ ပေါက်ကွဲခဲ့တဲ့ ရွှံ့မီးတောင်အကြောင်းကို မလေးရှားအခြေစိုက် ဒေသတွင်းသတင်းဌာနတွေကလည်း ဖော်ပြခဲ့ပါတယ်။ (Archived links here and here)
AFP က မြန်မာငလျင်နဲ့ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်