၂၀၂၄ ထိုင်ဝမ်ငလျင်က ကြောင်ကယ်ဆယ်ရေးဓာတ်ပုံတွေကို ထိုင်းနိုင်ငံကဆိုပြီး မှားယွင်းပြောဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဧပြီ 2025 အချိန် 09h25
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 11 ဧပြီ 2025 အချိန် 08h19
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
"ဘန်ကောက်ငလျင်အပြိုအပျ/က်များကြားထဲမှ ကယ်ယူနိုင်ခဲ့သော မြောင်ကလေးတဲ့" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်က ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
အဆောက်အအုံအပျက်အစီးတွေကြား ပိတ်မိနေတဲ့ကြောင်လေးတစ်ကောင်ကို အမျိုးသားတစ်ဦးက ကယ်ဆယ်နေတဲ့ ဓာတ်ပုံတွေကို ဒီပို့စ်မှာ မျှဝေထားပါတယ်။ ပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၉၀၀ ကျော်ရှိနေပါတယ်။
မတ်လ ၂၈ ရက်မှာ လူအသေအပျောက်များခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့ပေါ်က အထပ်မြင့်အဆောက်အအုံတစ်ခုပြိုကျခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ငလျင်ဗဟိုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာလည်း လူပေါင်း ၃,၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်အစိုးရက ဧပြီလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ (Archived link)
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို မြန်မာနိုင်ငံက Facebook အသုံးပြုသူအတော်များများက မျှဝေထားကြပါတယ်။
ဘန်ကောက်မြို့ပေါ်က ပြိုကျသွားတဲ့အဆောက်အအုံပျက်ထဲကနေ ကြောင်ကလေးတစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက AFP ကို ပြောခဲ့ပေမယ့် အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ ၂၀၂၄ ခုနှစ်က ထိုင်ဝမ်အရှေ့ဘက် Hualien မြို့ကို ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်နိုင်ခဲ့တဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ပထမဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှာ ထိုင်ဝမ်အခြေစိုက် Central News Agency (CNA) ရဲ့ Uranus အဆောက်အအုံထဲက ကြောင်တစ်ကောင်ကို ကယ်ဆယ်ဖို့ကြိုးပမ်းမှုအကြောင်း ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ (Archived link)
ကြောင်ပိုင်ရှင်ဟာ သူ့ကြောင်ကို ကယ်ဆယ်ဖို့ကြိုးပမ်းရင်း ပြုတ်ကျသေဆုံးခဲ့တယ်လို့လည်း CNA ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
မဂ္ဂနီကျု့ ၇ ဒဿမ ၄ ပြင်းအားရှိ ငလျင်ကြောင့် ဖန်သားမျက်နှာစာနဲ့ Uranus အဆောက်အအုံဟာ ပြိုကျလုနီးပါ တစ်ဖက်စောင်းခဲ့ပြီး ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး ထိုင်ဝမ်ငလျင်ရဲ့ သင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။ (Archived link)
ဒုတိယဓာတ်ပုံကို အဲဒီကြောင်ကလေးကို ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း ထိုင်ဝမ်ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ the Liberty Times က တစ်ရက်တည်းမှာပဲ ဖော်ပြခဲ့ပါတယ်။ (Archived link)
ဒီကြောင်ကလေးကို ကယ်ဆယ်နိုင်ခဲ့တဲ့ အခိုက်အတန့်အပြင် ဆေးဝါးကုသဖို့အတွက် ခေါ်ဆောင်သွားတာပြတဲ့ ဆင်တူဗီဒီယိုတစ်ခုကိုလည်း Formosa TV က ဖော်ပြခဲ့ပါတယ်။ (Archived link)
မြန်မာနိုင်ငံငလျင်လှုပ်ခတ်မှုကလို့ဆိုထားတဲ့ ရုပ်ပုံမှားယွင်းဖော်ပြမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။
ဖြည့်စွက်အချက်အလက်များဖြင့် ဤဆောင်းပါးကို အက်ပ်ဒိပ်ပြုလုပ်ခဲ့သည်။April 11, 2025 ဖြည့်စွက်အချက်အလက်များဖြင့် ဤဆောင်းပါးကို အက်ပ်ဒိပ်ပြုလုပ်ခဲ့သည်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်