Volodymyr Zelensky က ဆော်ဒီခေါင်းဆောင်တွေရှေ့ ဒူးထောက်တဲ့ ဗီဒီယိုက AI ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဧပြီ 2025 အချိန် 04h30
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
၂၀၂၅ ခုနှစ်၊ မတ်လထဲမှာ ဆော်ဒီအာရေဗျနိုင်ငံက ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့တဲ့နောက် ယူကရိန်းသမ္မတ Volodymyr Zelensky က အရှေ့အလယ်ပိုင်းနိုင်ငံရဲ့ အရာရှိတွေကို ဒူးထောက်တဲ့ AI ဖန်တီးမှုဗီဒီယိုတစ်ခု အွန်လိုင်းမှာပျံ့နှံ့နေပါတယ်။ မှုန်ဝါးတဲ့မျက်နှာတွေအပါအဝင် လူတစ်ယောက်ရဲ့အရိပ်ကျမှုမရှိတာတွေ စတဲ့ရုပ်ပုံမှားယွင်းချက်တွေက ဒီဗီဒီယိုဟာ အစစ်အမှန်မဟုတ်တာကို ညွှန်ပြနေတယ်ဆိုပြီး ကျွမ်းကျင်သူတွေက AFP ကိုပြောပါတယ်။

"ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ မိမိနိုင်ငံကိုရောင်းမစားဘူး" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်မှာ မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။ 

ကြည့်ရှုမှုအကြိမ်ရေ ၁၅၀,၀၀၀ ကျော်ရှိတဲ့ ဗီဒီယိုမှာ Zelensky ဟာ ဆော်ဒီအရာရှိတွေကို လက်ဆွဲနှုတ်ဆက်ပြီး ဒူးထောက်တောင်းပန်လိုက်တဲ့ မြင်ကွင်းကိုပြသထားပါတယ်။  

"အချို့ဒူထောက်ချင်းသည် အောင်မြင်ဖို့အတွက်ပါ အောက်ကြို့ချင်းသည်ရလာဒ်ကောင်းပါ" (မူရင်းအတိုင်း) ဆိုတဲ့စာသားကိုလည်း ဗီဒီယိုမှာထည့်သွင်းရေးသားထားပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်က ရယူထားတဲ့ Screenshot

ယူကရိန်းနဲ့ အမေရိကန်အရာရှိတွေ ဆော်ဒီအာရေဗျမှာ ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေးကို အကြိတ်အနယ်ဆွေးနွေးပြီးနောက် ဒီဗီဒီယိုက ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link 

Kyiv က အမေရိကန်ရဲ့ ရက် ၃၀ အပစ်အခတ်ရပ်ဆဲရေး အဆိုပြုချက်ကို ထောက်ခံခဲ့ပြီး Jeddah ဆွေးနွေးပွဲမှာလည်း ရုရှားနဲ့ ချက်ချင်းညှိုနှိုင်းဆွေးနွေးဖို့ သဘောတူညီခဲ့တာကြောင့် အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ စစ်ရေးအကူအညီရပ်ဆိုင်းခဲ့တာကို ဖြေလျှော့စေနိုင်ခဲ့တဲ့အပြင် သုံးနှစ်ကြာပဋိပက္ခကိုလည်း အဆုံးသတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။  

အမေရိကန်သမ္မတနဲ့ ဒုသမ္မတ JD Vance တို့က စစ်ပွဲကာလခေါင်းဆောင်ဖြစ်တဲ့ Zelensky ကို လေးစားမှုနဲ့ ကျေးဇူးသိတတ်မှုမရှိဘူးလို့ စွပ်စွဲခဲ့တဲ့ အိမ်ဖြူတော်တွေ့ဆုံမှုနောက်ပိုင်း ရက်သတ္တပတ်အတော်ကြာမှာ အခုလိုသဘောတူညီမှုရရှိခဲတာဖြစ်ပါတယ်။ (Archived link)

Zelensky က ဆော်ဒီခေါင်းဆောင်တွေကို ဒူးထောက်တဲ့ပုံဖန်တီးထားတဲ့ ဗီဒီယိုတွေဟာ Facebook အပြင် TikTok မှာလည်း ပျံ့နှံ့နေပါတယ်။  

"သူ့နိုင်ငံကို သူတကယ်ချစ်နေတာ။" (မူရင်းအတိုင်း) ဆိုပြီးလူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ "သူကိုအရမ်းလေးစားတယ် အရမ်းလည်းသနားတယ်"  (မူရင်းအတိုင်း) ဆိုပြီးလည်းအခြားတစ်ယောက်ကရေးသားထားပါတယ်။  

ဒါပေမဲ့ ဗီဒီယိုဟာ AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။  

ရေစာအမှတ်အသားနဲ့ ရုပ်ပုံကွဲလွဲချက်များ

မှားယွင်းတဲ့ ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်က အာရပ်လိဂ်ထိပ်သီးအစည်းအဝေးအတွက် Jeddah ကိုရောက်ရှိလာတဲ့ Zelensky ရဲ့ တူညီလုနီးပါးရှိတဲ့ ဗီဒီယိုတစ်ခုကို တွေ့ခဲ့ရပါတယ်။  

AFP ရဲ့ Youtube ဗီဒီယိုမှာ Zelensky က  Jeddah ကိုရောက်ရှိလာပြီး ကြိုဆိုဧည့်ခံသူတွေကို လက်ဆွဲနှုတ်ဆက်ကာ အသင့်စောင့်နေတဲ့ ကားပေါ်ကိုတက်သွားတာ တွေ့နိုင်ပါတယ်။  (Archived link)  Zelensky က ကားပေါ်မတက်ခင်မှာ ဒူးထောက်တာမျိုးမရှိပါဘူး။  

Image
မှားယွင်းတဲ့ ဗီဒီယို (ဘယ်) နဲ့ ၂၀၂၃ ခုနှစ်၊ မေလက ရိုက်ကူးခဲ့တဲ့ ဗီဒီယို (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

မှားယွင်းမျှဝေထားတဲ့ ဗီဒီယိုရဲ့ ညာဘက်အောက်ခြေထောင့်ရှိ Hailuo AI ရဲ့ ရေစာအမှတ်အသားအပါအဝင် အခြားရုပ်ပုံကွဲလွဲချက်တွေကလည်း AI ဖန်တီးမှုရဲ့ လက္ခဏာတွေလို့ နည်းပညာကျွမ်းကျင်သူတွေက AFP ကိုပြောပါတယ်။ (Archived link)

နောက်ခံမြင်ကွင်းမှာတွေ့ရတဲ့ အရာရှိတစ်ဦးရဲ့အရိပ်ဟာ မြေပြင်ပေါ်ကျရောက်မှုမရှိတာမျိုးကို ထောက်ပြကာ ဗီဒီယိုဟာ "လုပ်ကြံဖန်တီးထားတာ သိသာလွန်းတယ်" ဆိုပြီး Purdue တက္ကသိုလ် Machine Learning and Media Forensics Lab ရဲ့  ညွှန်ကြားရေးမှူး Shu Hu က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link)  

အမေရိကန်ပြည်ထောင်စု၊ Buffalo တက္ကသိုလ်၊ Media Forensics Lab  ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Siwei Lyu ကလည်း သူတို့ရဲ့  algorithm ကိုသုံးပြီး ခွဲခြမ်းစိတ်ဖြာမှုအရ ဗီဒီယိုဟာ AI နဲ့ဖန်တီးထားနိုင်ချေ "အလွန်မြင့်မား"တယ်လို့ AFP ကိုပြောပါတယ်။ (Archived link) 

"တချို့ဖန်တီးချက်တွေက သိသာပါတယ်။ ဥပမာပေးရမယ်ဆိုရင် မျက်နှာနဲ့ လက်တွေကမှုန်ဝါးနေတယ်။ ပြီးတော့ အဝတ်အစားတွေရဲ့ ပုံစံကလည်းလေတိုက်တဲ့လမ်းကြောင်းနဲ့ ဆန့်ကျင်နေပါတယ်" လို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ သူကဆိုပါတယ်။  

Image
မှားယွင်းတဲ့ ဗီဒီယိုက AI ဖန်တီးမှုလက္ခဏာတွေကို AFP ကမြင်သာအောင်အမှတ်အသားပြုထား

"အွန်လိုင်းက ဓာတ်ပုံအစစ်ကို ဗီဒီယိုအဖြစ်ပြောင်းလဲပေးနိုင်တဲ့"  Hailuo AI နည်းပညာအသုံးပြုပြီး ဗီဒီယိုကို ဖန်တီးထားတယ်လို့လည်း  ဖြည့်စွက်ပြောကြားခဲ့ပါတယ်။  

အဓိကစကားလုံးတွေကိုသုံးပြီး Google မှာရှာဖွေကြည့်ရာ ယူကရိန်းသမ္မတရုံးကထုတ်ပြန်ပြီး အမေရိကန်သတင်းဌာန UPI ကဖြန့်ဝေတဲ့ ဓာတ်ပုံအပါအဝင် ၂၀၂၃ ခုနှစ်၊ မေလက Zelensky ရဲ့ Jeddah ကိုရောက်ရှိလာတဲ့ အခြားဓာတ်ပုံအများအပြားကို တွေ့ခဲ့ရပါတယ်။ (Archived link) 

ယူကရိန်းစစ်ပွဲဟာ အချက်အလက်မှားအမြောက်အများကိုထွက်ပေါ်စေခဲ့ပြီး အချို့ကို AFP က အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်