'ဟူသီသူပုန်တွေ အမေရိကန်ရေတပ်သင်္ဘောကို ပင်လယ်နီမှာ ပစ်ခတ်တိုက်ခိုက်'တဲ့ ဗီဒီယိုဟာ ဒစ်ဂျစ်တယ်ဖန်တီးမှုသာဖြစ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 နိုဝင်ဘာ 2024 အချိန် 07h53
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေနဲ့အတူရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ ပင်လယ်နီနဲ့ အနီးတဝိုက်ကသင်္ဘောတွေကို အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခြင်းခံရတဲ့ သင်္ဘောတွေကိုတွေ့ရတဲ့ နိုဝင်ဘာလထဲပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ ဟူသီသူပုန်တွေရဲ့ ပင်လယ်နီအတွင်းတိုက်ခိုက်မှုတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ ဟူသီသူပုန်တွေက အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ဆိုထားတဲ့ မှုန်ဝါးတဲ့ ဒီဗီဒီယိုဟာ လူမှုကွန်ရက်မှာ ထောင်နဲ့ချီပြီး ကြည့်ရှုမျှဝေမှုတွေ   ရရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာ Arma 3 လို့ခေါ်တဲ့ ဗီဒီယိုဂိမ်းတစ်ခုကနေ ဖန်တီးရယူထားတာဖြစ်ပါတယ်။

"ဒါက ပင်လယ်နီမှာ ဖြစ်ပျက်ခဲ့တာ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

"ယီမင်သည် အမေရိကန် ရေတပ်ကို ဆိုးရွားသော ထိခိုက် ရှုံးနိမ့်မှုဖြင့် တိုက်ခိုက် အနိုင်ယူခဲ့သည်။ ပင်လယ်ပြင်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် မီဒီယာများ နှုတ်ဆိတ်နေခဲ့သည်။ အမေရိကန်သည် ဟူသီများကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရပြီး အရှေ့အလယ်ပိုင်းမှ လေယာဉ်တင်သင်္ဘောများ ဆုတ်ခွာသွားပြီးနောက် ၎င်းတို့ စစ်ရေယာဉ်များ၏ ဂုဏ်သိက္ခာကို ထုတ်ဖော်ပြသခြင်း မပြုခဲ့ပေ။" (မူရင်းအတိုင်း)  

ပင်လယ်ထဲက စစ်သင်္ဘောတွေ ဒုံးကျည်တွေနဲ့ပစ်ခတ်ခံရပြီး ကောင်းကင်ကို လင်းလက်သွားစေတဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကို ကြည့်ရှုမှုအကြိမ်ရေ ၂,၄၀၀ ကျော်ရှိနေတဲ့ ဒီဗီဒီယိုမှာ တွေ့ရပါတယ်။    

Image
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်မှာ ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘာနှစ်စင်းဟာ Bab al-Mandab ရေလက်ကြားကို ဖြတ်သန်းစဥ် ဟူသီသူပုန်တွေရဲ့ ဒရုန်း၊ ဒုံးကျည်တိုက်ခိုက်ခြင်းခံခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ ပင်တဂွန်က နိုဝင်ဘာလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link

ဂါဇာဒေသမှာ အစ္စရေးရဲ့ဆိုးရွားတဲ့ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း မငြိမ်သက်မှုတွေဖြစ်ပွားခဲ့ပြီး လက်တုန့်ပြန်တဲ့အနေနဲ့  ဟူသီသူပုန်တွေဟာ ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့ က သင်္ဘောတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းကစပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook မှာ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာအပြင် ထိုင်းဘာသာနဲ့လည်း မျှဝေနေကြပါတယ်။  

ဒါပေမဲ့ ဒါဟာ Arma 3 ဗီဒီယိုဂိမ်းထဲက ဗီဒီယိုတွေကို မျှဝေလေ့ရှိတဲ့ YouTube စာမျက်နှာက ရယူထားတာဖြစ်ပါတယ်။  

ဗီဒီယိုဂိမ်း သရုပ်ဖော်မှု 

ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က မျှဝေထားတဲ့ ပိုမိုကြာမြင့်တဲ့ YouTube ဗီဒီယိုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ (Archived link)

"အီရန်ရဲ့ ချက်ခြင်းတုန့်ပြန်ချက်။ ယီမင်အနီး အမေရိကန်လေယာဥ်တင်သင်္ဘာတစ်စင်း ဟူသီသူပုန်တွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် နစ်မြုပ်" ဆိုပြီး ခေါင်းစဥ်ပါရှိပါတယ်။ ဗီဒီယိုရဲ့ ဖော်ပြချက်မှာတော့ "အစစ်အမှန် ဗီဒီယိုမဟုတ်၊ Arma 3 ဗီဒီယိုဂိမ်းက ရုပ်ပုံတွေသာဖြစ်" ဆိုပြီးလည်း ထည့်သွင်းဖော်ပြထားပါတယ်။   

Arma 3 ဗီဒီယိုဂိမ်းဟာ ချက်နိုင်ငံအခြေစိုက် Bohemia Interactive က ထုတ်လုပ်တဲ့ ပစ်ခတ်ရေးပုံဖော်သရုပ်ပြ ဗီဒီယိုဂိမ်းတစ်ခုဖြစ်ပြီး ကစားသူတွေက စိတ်ကြိုက်လိုချင်တဲ့ ရုပ်ပုံဗီဒီယိုတွေ ဖန်တီးနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ (Archived link)

ဒီဗီဒီယိုကို USMC ဆိုတဲ့ YouTube စာမျက်နှာက ဖော်ပြထားပြီး Arma 3 ဂိမ်းက ရုပ်ပုံတွေကို သုံးပြီးဖန်တီးထားတဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်ရေးဗီဒီယိုတွေကို ပုံမှန်မျှဝေလေ့ရှိပါတယ်။ (Archived links here and here)

Bohemia Interactive ရဲ့ Arma 3 ဂိမ်းကို အသုံးပြုပြီး ဗီဒီယိုတွေကို ဖန်တီးထားကြောင်း ဒီ YouTube စာမျက်နှာရဲ့ "အကြောင်းအရာ" ပိုင်းမှာ ဖော်ပြထားပါတယ်။  

Facebook မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲက ပုံရိပ်တွေဟာ YouTube ဗီဒီယိုရဲ့ ၁၀ မိနစ် ၄၅ စက္ကန့်ကြာချိန်က ရုပ်ပုံတွေကို တည်းဖြတ်ရယူထားတာဖြစ်ပါတယ်။  

အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ Facebook ဗီဒီယိုရဲ့ ရုပ်ပုံ (ဘယ်) ကို USMC ရဲ့ YouTube ဗီဒီယိုထဲက ရုပ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာတွေ့နိုင်ပါတယ်။  

Image
မှားယွင်းပြောဆိုမှုနဲ့ Facebook ဗီဒီယိုရဲ့ ရုပ်ပုံ (ဘယ်) ကို USMC ရဲ့ YouTube ဗီဒီယိုထဲက ရုပ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထား

မြင်သာတဲ့ မီးလောင်မှု ဒါမှမဟုတ် အလင်းရောင်ထွက်ပေါ်တာတွေမရှိဘဲ  ပုံမှန်မဟုတ်တဲ့ ပေါက်ကွဲမှု အပြင် ဗီဒီယိုဂိမ်းကစားသူက မြင်ကွင်းချိန်ညှိရာမှာဖြစ်ပေါ်စေတဲ့ ရုတ်တရက် ကင်မရာလှုပ်ရှားမှု စတဲ့  ရုပ်ပုံသဲလွန်စတွေက ဒီဗီဒီယိုကို ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားကြောင်း ဖော်ပြနေပါတယ်။  

ဂိမ်းရဲ့ဗီဒီယိုတွေကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းဒေသပဋိပက္ခနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့လျက်ရှိတယ်လို့ X မှာ Bohemia Interactive က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲ ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)

အရည်အသွေးနိမ့်ကျတဲ့ ဗီဒီယို၊ တုန်ခါတဲ့ ကင်မရာလှုပ်ရှားမှုနဲ့ အလင်းရောင်နည်းပါးမှု စတဲ့ သဲလွန်စတွေကို သတိပြုပြီး ဗီဒီယိုဂိမ်းက ရုပ်ပုံတွေကို ခွဲခြားအတည်ပြုနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဒီပို့စ်မှာ မျှဝေထားပါတယ်။ (Archived link)

ပင်လယ်နီအတွင်း ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ