
တူရကီက စက်လှေတွေနဲ့ အောင်ပွဲခံဗီဒီယိုကို ဂါဇာသွားမယ့် တက်ကြွလှုပ်ရှားသူတွေဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 အောက်တိုဘာ 2025 အချိန် 08h56
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 09 အောက်တိုဘာ 2025 အချိန် 08h59
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Devesh MISHRA, AFP အိန္ဒိယ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"Global Sumud Flotilla လှေအစီးပေါင်း 50 ကျော် နိုင်ငံပေါင်း 44 နိုင်ငံ ခေတ်သစ်သမိုင်းကိူ ပိတ်ဆို့ထားတာကိုထိုးဖောက်ဝင်ရောက်ကြမယ့် လူသားဆန်သူများကိူ ကမ္ဘာကြီးကဆုတောင်းပေးနေကြတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစိတ်တပိုင်းရေးသားထားပါတယ်။
ပင်လယ်ပြင်မှာမောင်းနှင်နေကြတဲ့ စက်လှေတွေရဲ့ ဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၂၁၃,၀၀၀ ကျော်ရှိနေပါတယ်။

ရာသီဥတုအရေး လှုပ်ရှားသူ ဆွီဒင်နိုင်ငံသား Greta Thunberg အပါအဝင် တက်ကြွလှုပ်ရှားသူတွေဟာ အငတ်ဘေးဆိုက်ရောက်နေတယ်လို့ ကုလသမဂ္ဂကပြောဆိုထားတဲ့ ဂါဇာဒေသကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှာ ဘာစီလိုနာကနေ Global Sumud Flotilla သင်္ဘောနဲ့ ရွက်လွှင့်ခဲ့ပါတယ်။ (Archived link)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်မှာ စက်လှေ ၄၂ စင်းလုံးကို ရပ်တန့်လိုက်တယ်လို့ အစ္စရေးရေတပ်က ပြောပါတယ်။ "Flotilla အဖွဲ့သား ၄၇၀ ကျော်ကို စစ်ဘက်ဆိုင်ရာရဲတွေက ထိန်းသိမ်းထားတယ်"လို့လည်း အစ္စရေးရဲတပ်ဖွဲ့ကပြောပါတယ်။
သူတို့ရဲ့ စက်လှေတွေဟာ "ဥပဒေမဲ့ ကြားဖြတ်တိုက်ခိုက်ခံရ"ပြီး အဖွဲ့သားတွေက "တရားမဝင် ပြန်ပေးဆွဲခံခဲ့ရတယ်" လို့ Flotilla ကဆိုပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ Facebook အပြင် X ၊ Instagram နဲ့ Threads စာမျက်နှာတွေမှာပါ ပျံ့နှံ့နေပေမယ့် ဒါဟာ Flotilla ရဲ့ စက်လှေတွေမဟုတ်ပါဘူး။
ဒီယိုက ရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ "Istanbul" နဲ့ "Galatasaray" စတဲ့ hashtag တွေပါတဲ့ ထပ်တူညီတဲ့ မြင်ကွင်းနဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်က မျှဝေထားတဲ့ TikTok ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ (Archived link)

Galatasaray ဘောလုံးအသင်းရဲ့ ပရိတ်သတ်တွေဟာ တူရကီစူပါလိဂ်မှာ သူတို့ရဲ့အသင်း အနိုင်ရရှိမှုကို ဂုဏ်ပြုတဲ့အနေနဲ့ Sarayburnu ကနေ Bosphorus ကိုဖြတ်ပြီး စက်လှေချီတက်ပွဲ အကြီးစားပြုလုပ်ခဲ့ကြတယ်လို့ တူရကီအစိုးရပိုင် Anadolu Agency သတင်းဌာနက ဖော်ပြပြီးတစ်ရက်အကြာမှာ အဲဒီဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပါတယ်။ (Archived link)
ဗီဒီယိုထဲက အလံတိုင်နဲ့ သစ်ပင်တွေဟာ Google Maps ရဲ့ Street View ဓာတ်ပုံမှာတွေ့ရတဲ့ Sarayburnu ကျွန်းဆွယ်နဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link)

အသင်းရဲ့ တရားဝင် X စာမျက်နှာကလည်း အနီရောင်နဲ့ အဝါရောင်ရှိတဲ့ အသင်းရဲ့အလံတွေလွှင့်တင်ထားတဲ့ စက်လှေတွေပါတဲ့ ဂုဏ်ပြုပွဲအခမ်းအနားရဲ့ ဗီဒီယိုတွေကိုမျှဝေထားပါတယ်။ အဲဒီအလံတွေက မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုတွေမှာပါတဲ့ အလံတွေနဲ့ တူညီပါတယ်။ (Archived links here and here)

ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်