ဒူးရင်းသြဇာက ကင်ဆာပျောက်ကင်းစေတယ်ဆိုတဲ့ လူသားအပေါ်စမ်းသပ်မှု သုတေသနအထောက်အထားမရှိ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 စက်တင်ဘာ 2025 အချိန် 10h15
  • နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 30 စက်တင်ဘာ 2025 အချိန် 10h17
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
သားအိမ်အပေါ်ပိုင်းမှာဖြစ်လေ့ရှိတဲ့ သားအိမ်ကင်ဆာကို ဒူးရင်းသြဇာနဲ့ ကုသနိုင်တယ်ဆိုတဲ့ပြောဆိုမှုကိုအတည်ပြုနိုင်တဲ့ လူသားတွေအပေါ်စမ်းသပ်ပြုလုပ်ထားတဲ့သုသေသနအထောက်အထားမရှိသေးဘူးလို့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက AFP ကို ပြောပါတယ်။ မြန်မာဘာသာစကားနဲ့ မှားယွင်းပို့စ်တွေက ဒီအပူပိုင်းဒေသကသစ်သီးဟာ လက်ရှိကင်ဆာကုထုံးတွေထက် "ပိုမိုကောင်းမွန်"တဲ့ ကုသမှုအဖြစ်မျှဝေနေကြပါတယ်။ ဒါပေမဲ့ သားအိမ်ကင်ဆာကို ခွဲစိတ်မှု သို့မဟုတ် ဟော်မုန်းကုထုံးတွေနဲ့ ကုသနိုင်ပြီး ရောဂါကုသမှုနှောင့်နှေးခြင်းက အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သမားတော်တွေက ဆိုပါတယ်။  

"ဒူးရင်းသြဇာသီး ဟာ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေး သတင်းများမှာ ဖော်ပြထားကြတာကို ဖတ်ရ ပါတယ်။" (မူရင်းအတိုင်း)

"ဆေးသောက်ရန် အညွန်း- (၁) ဒူးရင်းသြဇာ ၏ အရွက်ခပ်သန့်သန့် ၁၅ ရွက်ခန့်ကို ရေ ၈ ခွက်ဖြင့် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် ကျိုလိုက်ပါ။ (၂) ၄င်းဆေးပြုတ်ရည်ကို တစ်နေ့ ၃ ကြိမ် (မနက်၊ နေ့၊ ည) တစ်ခွက်စီ သောက်ပါ။ (၃) တစ်ပတ်တိတိ တစ်နေ့ ၃ ကြိမ်သောက်ပြီးပါက တစ်နေ့ ၁ ခွက်သာ တစ်လခန့်ထိ ဆက်၍ သောက်သွားနိုင်ပါတယ်။ (၄) ဒူးရင်းသြဇာအသီးကိုလည်း မကြာခဏ စားပေးနိုင်ပါတယ်။ အသီးရဲ့ အရသာကတော့ ချဉ်ပြုံးပြုံးလေး ရှိပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ တစ်စိတ်တစ်ပိုင်းရေးသားထားပါတယ်။  

ဒါအပြင် လက်ရှိကင်ဆာကုသမှုဆေးဝါးတွေဟာ စျေးကြီးလွန်းတဲ့အတွက် ဒီဆေးမြီးတိုဟာ ကင်ဆာရောဂါသမားအချို့အတွက်ပိုမိုကောင်းမွန်တဲ့ကုထုံးဖြစ်တယ်လို့ ဒီပို့စ်မှာ ဆိုထားပါတယ်။  

ပြန်လည်မျှဝေမှုအကြိမ်ရေ ၁,၂၀၀ ကျော်ရှိတဲ့ ဒီပို့စ်မှာ ဒူးရင်းသြဇာသီးပုံနဲ့ ဒူးရင်းသြဇာအရွက်ကို ရေနွေးကြမ်းအဖြစ်ဖျော်ထားတဲ့ ဓာတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။  

သားအိမ်ထဲက ကျန်းမာတဲ့ဆဲလ်တွေ မျိုးဗီဇပြောင်းလဲမှုကနေ သားအိမ်ကင်ဆာဖြစ်ပေါ်စေနိုင်ပါတယ်။ (Archived link) ဒီရောဂါဟာ ကမ္ဘာတစ်ဝန်းကအမျိုးသမီးထုကြား ဆဋ္ဌမမြောက်အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ (Archived link)

Image
စက်တင်ဘာလ ၂၄ ရက်က ရယူထားတဲ့ မှားယွင်းပို့စ်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ဒူးရင်းသီးသြဇာရွက်နဲ့ပြုလုပ်ထားတဲ့ရေနွေးကြမ်းက သားအိမ်ကင်ဆာကို ကုသပျောက်ကင်းစေနိုင်တယ်လို့ဆိုတဲ့ တူညီတဲ့ပြောဆိုမှုတွေကို မြန်မာ Facebook အသုံးပြုသူတွေက အကြိမ်ကြိမ်မျှဝေနေကြပါတယ်။  

Annona muricata လို့ခေါ်တဲ့ ဒူးရင်းသြဇာဟာ အပူပိုင်းဒေသတွေမှာ ပေါက်လေ့ရှိတဲ့ စားလို့ရတဲ့ သီးပင်တစ်မျိုးဖြစ်ပါတယ်။ (Archived link) ဒီအပင်ရဲ့ အရွက်၊ အခေါက်နဲ့ အစေ့တွေကို ကင်ဆာအပါအဝင် ရောဂါအမျိုးမျိုးကုသမှုအတွက် ရိုးရာတိုင်းရင်းဆေးအဖြစ် အသုံးပြုလေ့ရှိပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းအရ ဒီကုထုံးတွေကို အတည်ပြုထောက်ခံထားတာမရှိပါဘူး။ (Archived link

အမေရိကန်ကင်ဆာအဖွဲ့အစည်း (America Cancer Society) ရဲ့ အဆိုအရ ဒီကင်ဆာရဲ့ အဓိကကုထုံးဟာ ခွဲစိတ်ကုသမှုဖြစ်တယ်လို့ ဆိုထားပါတယ်။ (Archived link)

Cancer Research UK ရဲ့ အကြီးတန်းအထူးကုသူနာပြု Caroline Geraghty က ဒူးရင်းသြဇာဟာ သားအိမ်ကင်ဆာအတွက်ထိရောက်မှုရှိပြီး ဘေးကင်းတယ်ဆိုတဲ့ "သက်သေအထောက်အထားမရှိဘူး"လို့ ပြောပါတယ်။ (Archived link)

"ဒူးရင်းသြဇာကို ဆဲလ်တွေနဲ့ တိရစ္ဆာန်တွေအပေါ်စမ်းသပ်ရာမှာ ကင်ဆာတိုက်ခိုက်မှုအာနိသင်တွေတွေ့ရပေမယ့် ဒီသုသေသနတွေ့ရှိချက်တွေကို လူသားတွေအပေါ်စမ်းသပ်မှုတွေ မရှိသေးဘူး" လို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှာ သူမက အီမေးလ်ကတဆင့် AFP ကို ပြောပါတယ်။  

စင်္ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံရဲ့ မီးယပ်ကင်ဆာအထူးကု ဒေါက်တာ Joseph Ng ကလည်း ဒူးရင်းသြဇာရေနွေးကြမ်းက ကင်ဆာရောဂါကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ "လူသားအပေါ်သုသေသနပြုလုပ်ထားတဲ့ သက်သေအထာက်အထားမရှိဘူး"လို့ ဆိုပါတယ်။ (Archived link)

"ဒူးရင်းသြဇာရွက်နဲ့ ပြုလုပ်ထားတဲ့ရေနွေးကြမ်းဟာ လူ့ခန္ဓာကိုယ်ထဲက  သားအိမ်ကင်ဆာကို ထိရာက်စွာကုသပျောက်ကင်းစေနိုင်ခြင်းမရှိတဲ့အတွက် သားအိမ်ကင်ဆာကုထုံးအဖြစ်အသုံးပြုဖို့ အကြုံမပြုနိုင်ပါဘူး" လို့ စက်တင်ဘာလ ၂၀ ရက်က AFP ကို ပြောပါတယ်။  

ဒါအပြင် ဒူးရင်းသြဇာကို ကင်ဆာကုထုံးအဖြစ်အသုံးပြုခြင်းက ရောဂါပိုမိုဆိုးရွာစေနိုင်ပြီး အသက်ဆုံးရှုံးစေနိုင်တယ်လို့လည်း သူကသတိပေးခဲ့ပါတယ်။  

"သားအိမ်ကင်ဆာဖြစ်ပွားနေတဲ့အမျိုးသမီးတွေအနေနဲ့ ဒီရောဂါဟာ ရိုးရှင်းတဲ့ ခွဲစိတ်ကုသမှုတစ်ခုနဲ့တင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါဖြစ်ကြောင်း သိရှိဖို့လိုပါတယ်။ ဒီခွဲစိတ်ကုသမှုဟာ အမျိုးသမီးတစ်ဦးရဲ့ နေ့စဥ်လုပ်ရှားမှုနဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိပါဘူး။" 

ဆေးဖက်ဝင်သစ်သီးအပင်တွေနဲ့ ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တယ်လို့ဆိုထားတဲ့ မှားယွင်းပြောဆိုချက်တွေကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်