
ဝမ်းနည်းပူဆွေးနေတဲ့ Charlie Kirk ရဲ့ဖခင်ဆိုပြီး သက်ဆိုင်မှုမရှိတဲ့ clickbait ပို့စ်တွေ ပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 စက်တင်ဘာ 2025 အချိန် 10h00
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Marisha GOLDHAMER, AFP အမေရိကန်ပြည်ထောင်စု
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ငါ့သားကို ပြန်ပေးပါ၊ သူ ၃၁ နှစ်ပဲရှိသေးတယ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ တစ်စိတ်တစ်ပိုင်းရေးသားထားပါတယ်။
ဒီပိုစ့်မှာ Kirk က သူ့ဇနီးနဲ့အတူ သမီးလေးကိုပွေ့ချီထားတဲ့ဓာတ်ပုံတွေနဲ့ Kirk ရဲ့ခေါင်းတလားထဲမှာလဲလျောင်းနေတဲ့ဓာတ်ပုံအပြင် လူတစ်ယောက်ငိုကျွေးနေပုံရတဲ့ ဓာတ်ပုံလည်းပါရှိပါတယ်။
အတွင်းစာသားသတိပေးချက်

"ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားရေးဆရာ Charlie Kirk ရဲ့ဖခင်ဟာ Turning Point USA ရဲ့ Phoenixona အမျိုးသားဌာနချုပ်အပြင်ဘက်မှာတည်ဆောက်ထားတဲ့ ယာယီအောက်မေ့ဖွယ်နေရာရှေ့မှာ ဒူးခွေကျသွားခဲ့တယ်။" (မူရင်းအတိုင်း) ဆိုပြီးလည်း ဆက်လက်ရေးသားထားပါတယ်။
တူညီတဲ့မှားယွင်းပြောဆိုမှုတွေဟာ မြန်မာဘာသာနဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဒါအပြင် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေက Charlie Kirk ရဲ့ စျာပနာကိုတက်ရောက်ခဲ့ပြီး သူ့ရဲ့ဖခင်ကိုအားပေးနှစ်သိပ်ခဲ့ကြတယ်ဆိုတဲ့ clickbait ပို့စ်တွေလည်း ပျံ့နှံ့ခဲ့ပါတယ်။

နိုင်ငံရေးအရ ရှေးရိုးစွဲဝါဒီတစ်ဦးဖြစ်သူ Kirk ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က Utah Valley တက္ကသိုလ်အခမ်းအနားတစ်ခုမှာ လုပ်ကြံခံခဲ့ရပါတယ်။
ပစ်ခတ်လုပ်ကြံသူအဖြစ် သံသယရှိသူကို ၃၃ နာရီကြာလိုက်လံရှာဖွေခဲ့ချိန်မှာ အပြစ်မဲ့သူတွေကိုသေနတ်သမားလို့ မှားယွင်းစွပ်စွဲမှုတွေနဲ့ AI ဖန်တီးပြုလုပ်ချက်တွေပါဝင်တဲ့ မှားယွင်းလုပ်ကြံပြောဆိုမှုတွေ အလျင်အမြန်ပျံ့နှံ့ခဲ့ပါတယ်။
အစိုးရရှေ့နေတွေက အသက် ၂၂ အရွယ်ရှိ Tyler Robinson ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က လူသတ်မှုနဲ့တရားဝင်စွဲချက်တင်ခဲ့ပြီး သေဒဏ်အပြစ်ပေးနိုင်ရေးအထိတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ဒုသမ္မတ JD Vance ဟာ Kirk ရဲ့ရုပ်အလောင်းကို Utah ကနေ Arizona ကို Air Force Two နဲ့သယ်ဆောင်ရာမှာလိုက်ပါခဲ့ပြီး သမ္မတ Donald Trump ကလည်း Arizona ရဲ့ NFL အားကစားကွင်းမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်မှာ ပြုလုပ်မယ့် စျာပနအခမ်းအနားကို တက်ရောက်ရန်စီစဥ်ထားတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
Kirk ရဲ့ ဇနီးကလည်း သူမခင်ပွန်းအတွက် လူသိရှင်ကြားဝမ်းနည်းစကားဆိုခဲ့ပါတယ်။
ဒါပေမဲ့ Kirk ရဲ့ဖခင်ဟာ သားဖြစ်သူတည်ထောင်ထားတဲ့ ရှေးရိုးစွဲအဖွဲ့အစည်းဖြစ်တဲ့ Turning Point USA ရဲ့ Phoenix ဌာနချုပ်အပြင်ဘက်က ယာယီတည်ဆောက်ထားတဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာမိန့်ခွန်းပြောကြားခဲ့သလို မူးလဲပြိုကျခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

သံသယဖြစ်စရာပိုစ့်တွေ
အဓိကကျတဲ့ စကားလုံးတွေနဲ့ ဓာတ်ပုံရှာဖွေမှုတွေကနေ Kirk နဲ့ သူ့ရဲ့ဖခင်တို့ တွဲဖက်ရိုက်ကူးထားတယ်လို့ အတည်ပြုနိုင်တဲ့ ဓာတ်ပုံကို ရှာဖွေနိုင်ခြင်းမရှိပါဘူး။ Kirk ရဲ့ဖခင်ဟာ ဗိသုကာပညာရှင်တစ်ဦးဖြစ်တယ်ဆိုပြီး People မဂ္ဂဇင်းကဖော်ပြထားပါတယ်။
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ မှားယွင်းပိုစ့်တွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လအတွင်း အင်ဒီယားနာပြည်နယ်၊ Monterey မှာ ကွယ်လွန်သွားတဲ့ Robert W. Kirk ရဲ့ဓာတ်ပုံကို ဖြတ်ညှပ်ပြီးယူထားတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ Robert W. Kirk ဟာ လုပ်ကြံခံခဲ့ရတဲ့ Charlie Kirk ရဲ့ဖခင်မဟုတ်ပါဘူး။ (Archived here)
အချို့ဓာတ်ပုံတွေဟာ မူရင်းပုံကိုပြောင်းပြန်လှန်ပြီး မျက်ရည်တွေထပ်ဖြည့်ထားတာပဲဖြစ်ပါတယ်။

ဒီမှားယွင်းပြောဆိုမှုတွေဟာ Baby Boomer generation သက်ကြီးပိုင်းတွေကိုပစ်မှတ်ထားတဲ့ အချက်အလက်မှားမျှဝေတဲ့ Facebook စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ "Boomer bait" လို့ခေါ်တဲ့ ဒီမှားယွင်းပြောဆိုမှုတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ဝမ်းနည်း၊ သနားစာနာမှုတွေကနေ like၊ share နဲ့ comment တွေရယူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒီစာမျက်နှာအတော်များများရဲ့ domains တွေဟာ ဗီယက်နမ်နိုင်ငံကဖြစ်ကြပြီး လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ တုန့်ပြန်ချက်ရရှိဖို့ engagement farming ပြုလုပ်ထားတာကို သုသေသီ Marc Owen Jones က တွေ့ရှိခဲ့ပါတယ်။ (archived here)
Kirk ဖခင်နဲ့ ပက်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို ဖြန့်ဝေနေကြတဲ့ Facebook စာမျက်နှာမန်နေဂျာတွေဟာ ဗီယက်နမ်နိုင်ငံကဖြစ်နေတာတွေ့ရပါတယ်။
အခုလို Facebook စာမျက်မှာတစ်ခုကို ကြီးကြပ်သူတွေရဲ့ တည်နေရာကို သိရှိလိုပါက စာမျက်နှာပေါ်က "about" ကို နှိပ်ပြီး "Page transparancy" မှာ ရှာဖွေနိုင်ပါတယ်။

ဒီစာမျက်နှာတွေကဆောင်းပါးတွေဟာ လုပ်ကြံသတင်းတွေဖြစ်တာကို review၊ ကြော်ညာတွေနဲ့ပြည့်နေတဲ့ ဝဘ်ဆိုဒ်၊ မှန်ကန်မှုမရှိတဲ့ ကိုးကားပြောဆိုချက်တွေနဲ့ သဘာဝမကျတဲ့ အင်္ဂလိပ်ဘာသာရေးသားမှုတွေကနေ စစ်ဆေးသိရှိနိုင်ပါတယ်။
နာမည်ကြီးအားကစားသမားတွေက Kirk ရဲ့ မိသားစုကို အလှူငွေပေးအပ်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ် Facebook စာမျက်နှာတွေဆီကနေပျံ့နှံ့ခဲ့တဲ့ မှားယွင်းပြောဆိုမှုတွေကိုလည်း US အခြေစိုက် အချက်အလက်စိစစ်ရေးအဖွဲ့အစည်း Lead Stories က ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထဲမှာလည်း ဆင်တူတဲ့ clickbait ဆောင်းပါးတွေကို AFP က ထုတ်ဖော်စိစစ်ခဲ့ပါတယ်။
Meta ရဲ့ မူဝါဒအရ "ပလက်ဖောင်းပေါ်မှ ဖန်တီးထုတ်ဝေသူများနှင့် ပြင်ပမှပံ့ပိုးပေးသူများသည် clickbait သို့မဟုတ် ချဲ့ထွင်းပြောဆိုမှုအကြောင်းအရာများကို ထုတ်ဖော်မျှဝေပါက ၎င်းတို့၏ ဝင်ငွေရရှိမှုအခွင့်အရေးဆုံးရှုံးခြင်း သို့မဟုတ် အကြုံးမဝင်ခြင်းတို့ဖြစ်ပေါ်နိုင်သည်" ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီ "ဝင်ငွေရရှိနိုင်ခွင့်အစီအစဥ်" က အရည်အသွေးနှိမ့်တဲ့ လုပ်ကြံအကြောင်းအရာတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အာရုံစိုက်မှုကိုရရှိနိုင်ဖို့ ကမ္ဘာတဝှမ်းကလူတွေကို ဆွဲဆောင်အားပေးသလိုဖြစ်နေတယ်လို့ Propublica နဲ, 404 Media တွေက ထုတ်ဖော်ရေးသားထားပါတယ်။
Kirk ရဲ့လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP ကဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်