
အင်ဒိုနီးရှားဆန္ဒပြပွဲကဗီဒီယိုတွေကို နီပေါနိုင်ငံကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 စက်တင်ဘာ 2025 အချိန် 08h36
- ဖတ်ရန် ကြာချိန် 4 မိနစ်
- AFP ထိုင်း, AFP အင်ဒိုနီးရှား
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"မင်းမဲ့ဆန်တဲ့အာဏာရှင်စနစ်ဆိုးရဲ့ရလဒ်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့် မှာရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၁၂၀,၀၀၀ ကျော်ရှိတဲ့ ဗီဒီယိုစုစည်းမှုမှာ မီးလောင်နေတဲ့ အဆောက်အအုံနဲ့ နောက်ထပ်အဆောက်အအုံတစ်ခုရဲ့ဂိတ်ပေါက်ဝက ဆန္ဒပြသူတွေအပြင် ဆိုင်ကယ်ပေါ်ကနေရိုက်ကူးထားတဲ့ ပျက်စီးနေတဲ့မြို့ရဲ့မြင်ကွင်းတွေကို ဖော်ပြထားပါတယ်။
"အဆောက်အအုံအပျက်အစီးတွေဟာ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့ အကျင့်ပျက်အစိုးရရဲ့ မှားယွင်းမှုတွေဖြစ်တယ်ဆိုတာကို ဒီနေ့မှာ နီပေါလူငယ်တွေကထောက်ပြခဲ့တယ်" ဆိုတဲ့ နောက်ခံအသံကိုလည်း ဗီဒီယိုထဲမှာ ကြားနိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ အစိုးရရဲ့ အကျင့်ပျက်ချစားမှုနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်တားမြစ်မှုကြောင့် နီပေါနိုင်ငံမှာ လူထုအုံကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး တူညီတဲ့မှားယွင်းပြောဆိုမှုတွေ Facebook နဲ့ TikTok မှာပျံ့နှံ့ခဲ့ပါတယ်။ (Archived link)
ပြည်တွင်းစစ်နဲ့ ဘုရင်စနစ်ဖျက်သိမ်းခဲ့တဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးမငြိမ်မသက်မှုကြောင့် အနည်းဆုံးလူပေါင်း ၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လွှတ်တော်နဲ့ အစိုးရရဲ့ အဓိကကျတဲ့အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့အပြင် သက်တမ်းရှည်ဝန်ကြီးချုပ်ကိုလည်းဖြုတ်ချနိုင်ခဲ့ပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိ တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှာ ယာယီဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ခြောက်လအတွင်း နီပေါရွေးကောက်ပွဲကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ Google မှာအဓိကကျတဲ့ စကားလုံးတွေအပြင် ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုတွေဟာ အစောပိုင်းရက်သတ္တပတ်တွေမှာ အင်ဒိုနီးရှားလူထုအုံကြွမှုက ရိုက်ကူးထားတာကို တွေ့ရပါတယ်။
လုပ်ခလစာနည်းပါမှု၊ အလုပ်လက်မဲ့နှုန်းတိုးများလာမှုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကျိုးခံစားခွင့်တွေကိုဆန့်ကျင်မှုက စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ ရဲတပ်ဖွဲ့ရဲ့ယာဥ်တစ်စင်း ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိုင်ကယ်သမားတစ်ဦးကို တိုက်မိခဲ့တဲ့ဗီဒီယိုတစ်ခုကြောင့် ပိုမိုကြီးမားကျယ်ပျံ့ခဲ့ပါတယ်။ (Archived link)
လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ရာနဲ့ချီထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေကဆိုတဲ့ နောက်ဆက်တွဲအဓိကရုဏ်းတွေဟာ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ပရာဘိုဝိုဆူဘီယန်တိုရဲ့ သမ္မတသက်တမ်းတစ်လျှောက်အကြီးမားဆုံးဖြစ်ပြီး လတ်တလောမှာ သူ့ရဲ့အစိုးရကို လူထုယုံကြည်မှုပြန်လည်ရရှိဖို့ တောင်းဆိုနေပါတယ်။
အင်ဒိုနီးရှားဆန္ဒပြပွဲက ဗီဒီယိုတွေ
ပထမဆုံးဖြစ်တဲ့ မီးလောင်နေတဲ့အဆောက်အအုံတစ်ခုရဲ့ ဗီဒီယိုကို အင်ဒိုနီးရှားအွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Suara NTB ရဲ့ တရားဝင် Facebookစာမျက်နှာမှာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်က မျှဝေခဲ့ပါတယ်။ (Archived link)
"(၃၀/၈/၂၀၂၅) စနေနေ့ နေ့လည်တွင် West Nusa Tenggara (NTB) ပြည်နယ်၏ ဒေသဆိုင်ရာ ကိုယ်စားလှယ်ကောင်စီအဆောက်အအုံ (DPRD) တွင် လူထုဆန္ဒပြပွဲဖြစ်ပေါ်။ Mataram မြို့၊ Udayana လမ်းပေါ်ရှိ DPRD အဆောက်အအုံမီးလောင်မှုဖြစ်ပွားနေသည်ကိုတွေ့ရ။ အဆောက်အအုံရဲ့ အချို့အစိတ်အပိုင်းတွေ မီးလောင်ပြာကျ" ဆိုပြီး အင်ဒိုနီးရှားဘာသာစကားနဲ့ စာသားပါရှိပါတယ်။

ဗီဒီယိုထဲကမြင်ကွင်းဟာ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းရှိ Mataram မြို့က ဒေသန္တရအစိုးရအဆောက်အအုံရဲ့ Google Street View နဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link)

ဆန္ဒပြသူတွေက မြေကြီးကို သစ်ကိုင်းနဲ့ ရိုက်နေတဲ့ ဒုတိယဗီဒီယိုဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က မျှဝေခဲ့တဲ့ ဒီ TikTok ဗီဒီယိုနဲ့ကိုက်ညီနေပါတယ်။ "Kebumen က ၂၄ နာရီကြာ ဆန္ဒပြပွဲ" ဆိုပြီး အင်ဒိုနီရှားဘာသာနဲ့ စာသားပါရှိပါတယ်။ (Archived link) Kebumen ဟာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်က မြို့တစ်မြို့ပဲဖြစ်ပါတယ်။

ဗီဒီယိုရဲ့ ၈ စက္ကန့်ကြာချိန်မှာ မီးခိုးတွေနဲ့အဆောက်အအုံတစ်ခုကို တွေ့ရပြီး Google Maps Street View ထဲက မြို့လွှတ်တော်အဆောက်အအုံနဲ့ ကိုက်ညီနေပါတယ်။ (Archived link)

မီးလောင်ပျက်စီးနေတဲ့ မြို့တွင်းကမြင်ကွင်းတွေကိုပြတဲ့ နောက်ဆုံးဗီဒီယိုကို နီပေါဆန္ဒပြမှုမတိုင်မီ ရက်သတ္တပတ်များစွာအလို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်က TikTok မှာမျှဝေခဲ့ပါတယ်။(Archived link) "ငါတို့နိုင်ငံ အမြန်အေးချမ်းပါစေ" ဆိုပြီး အင်ဒိုနီးရှားဘာသာစကားနဲ့စာသားပါရှိပါတယ်။

အဲဒီဗီဒီယိုကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရဲ့ Jendral Sudirman လမ်းမကြီးတစ်လျှောက်မှာရိုက်ကူးထားတာဖြစ်ပြီး Google Maps Street View ဓာတ်ပုံတွေက အထင်ကရနေရာတွေအပြင် ဘတ်စ်ကားမှတ်တိုင်တွေနဲ့လည်း တူညီမှုရှိနေပါတယ်။ (Archived links here and here)
TikTok ဗီဒီယိုရဲ့ ၁၅ စက္ကန့်ကြာချိန်မှာ ဂျာကာတာ ရွေ့လျားရဲတပ်ဖွဲ့ စခန်းဝင်ပေါက်အပြင် အနီးပတ်ဝန်းကျင်နေရာတွေကိုလည်းတွေ့နိုင်ပါတယ်။ (Archived link)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်