ဒန့်သလွန်ရွက်က HIV ရောဂါပိုးကို ပျောက်ကင်းစေနိုင်တယ်ဆိုတာ မဟုတ်မှန်ကြောင်း သိပ္ပံပညာရှင်တွေငြင်းဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 မတ် 2024 အချိန် 09h11
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဒန့်သလွန်ရွက်ဟာ HIV ရောဂါပိုးကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုထားတဲ့ ပို့စ်တွေ မြန်မာနိုင်ငံအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့နောက် ဒန့်သလွန်ရွက်ကို HIV ကုသရာမှာအသုံးမပြုဖို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒီမှားယွင်းပြောဆိုမှုဟာ မြန်မာ့အင်တာနက်လူမှုကွန်ရက်ပေါ်မှာ နှစ်ပေါင်းအတော်ကြာပျံ့နှံ့နေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထိခိုက်ယိုယွင်းခဲ့တဲ့နောက်မှာ အခုလိုထပ်မံပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ HIV ရောဂါပိုးကို ပျောက်ကင်းစေနိုင်တဲ့ဆေးဝါးမရှိဘူးလို့ ကျွမ်းကျင်သူတွေက AFP ကိုပြောပါတယ်။

"လူသိနည်းသေးသောဒန့်သလွန်ရွက်၏ အစွမ်းထက်အာနိသင်တမျိုးကတော့ hivရောဂါကိုပျောက်ကင်းစေနိုင်သည့်အာနိသင်ပင်ဖြစ်ပါသည်။" (မူရင်းအတိုင်း) ဆိုပြီး ရှည်လျားတဲ့ ဒီ Facebook ပို့စ်မှာ အစချီရေးသားထားပါတယ်။  

"ဒန့်သလွန်ရွက်ကို ဤနည်းအတိုင်းပြုလုပ်၍သောက်သုံးကြသူhivဝေဒနာရှင်တချို့hivရောဂါပိုးလုံးဝကင်းစင်ကြောင်းစမ်းသပ်တွေရှိထားသည်ဟုဆိုပါသည်။" (မူရင်းအတိုင်း)   

ဒီပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ follower ၇,၀၀၀ ကျော်ရှိတဲ့ Facebook စာမျက်နှာတစ်ခုက မျှဝေထားပြီး ဒန့်သလွန်အရွက်ကရတဲ့အရည် ဒါမှမဟုတ် အရွက်ခြောက်အမှုန့်ကို နေ့စဥ် လက်ဖက်ရည်ခွက်တစ်ခွက်နှုန်းသောက်သုံးဖို့ အကြံပြုထားပါတယ်။  

ဒီပို့စ်မှာ ဒန့်သလွန်ရွက်နဲ့ ဒန့်သလွန်သီးဓာတ်ပုံကိုလည်းမျှဝေထားပါတယ်။

Moringa oleifera လို့ခေါ်တဲ့ ဒန့်သလွန်ပင်ဟာ အပူပိုင်းအာရှဒေသတွေမှာပေါက်လေ့ရှိပြီး ဒေသအတွင်း ဟင်းချက်ပြုတ်မှုတွေမှာအသုံးပြုလေ့ရှိကြပါတယ်။ 

Image
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်က ရယူထားတဲ့နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

Human immunodeficiency virus (လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ်) လို့ခေါ်တဲ့ HIV ပိုး ဟာ ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ကူးစက်ခံရရင် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို ဖြစ်စေပါတယ်။  

ဒန့်သလွန်ရွက်က HIV ရောဂါပိုးကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုဟာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ပျံ့နှံ့နေခဲ့ပြီး ၂၀၁၈ ခုနှစ်၂၀၁၂ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်တွေမှာလည်း အကြိမ်ကြိမ်ထပ်မံပျံ့နှံ့ခဲ့ပါတယ်။  

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝန်း ဆေးဘက်ဆိုင်ရာဝန်ထမ်း အစုလိုက်အပြုံလိုက် ရုံးမတက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး  မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းပျက်စီးခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် ဆေးရုံတွေမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပြတ်လပ်ခဲ့တဲ့အတွက် ပြည်သူတွေဟာ ဆေးမီးတိုတွေနဲ့ တောတွင်းတိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ဆေးလုပ်သားတွေဖွင့်လှစ်ထားတဲ့ လျှို့ဝှက်ဆေးခန်းတွေကို မှီခိုနေကြရပါတယ်။

HIV ပျောက်ကင်းစေတဲ့ဆေးမရှိ  

လစ်ပိုင်နိုင်ငံ၊ မော်လီကျူလာဇီဝဗေဒနှင့် ဇီဝနည်းပညာတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ  ဒေါက်တာ Edsel Maurice Salvana က "အခုအချိန်မှာ HIV ပျောက်ကင်းစေနိုင်တဲ့ လက်တွေကျတဲ့ဆေးဝါးကုသမှုမရှိသေးပါဘူး" လို့ ပြောပါတယ်။  

"အခုချိန်ထိ HIV ရောဂါပျောက်ကင်းမှုဖြစ်စဥ်မှတ်တမ်း ငါးခုသာရှိပြီး ဒီဖြစ်စဥ်တွေမှာ HIV ကြောင့်မဟုတ်ဘဲ ကင်ဆာရောဂါကိုကုသပေးတဲ့ အလွန်အန္တရာယ်များတဲ့ ပင်မဆဲလ်အစားထိုးကုသမှုနဲ့ ပျောက်ကင်းခဲ့တာဖြစ်ပါတယ်" လို့ သူက ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှာ အီးမေးလ်ကတဆင့် AFP ကိုပြောပါတယ်။    

HIV ရောဂါဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်တွင်းဗိုင်းရပ်စ်ပိုးအရေအတွက်ကို ထိန်းချုပ်ဖို့အတွက် တစ်သက်တာသောက်သုံးရတဲ့ antiretroviral therapy ခေါ် ART ဆေးဝါးကုသမှုဟာ လက်ရှိစံချိန်မီကုသမှုတစ်ခုဖြစ်ပါတယ်။ (archived link

"Anti-retroviral ဆေးဝါးတွေက HIV ရောဂါကိုမပျောက်ကင်းစေနိုင်ပါဘူး။ ဒီဆေးဝါးတွေက ဗိုင်းရပ်စ်ပိုးဆပွားပျံ့နှံ့တာကို ထိန်းချုပ်ပေးရုံသာ လုပ်ဆောင်ပေးပါတယ်။" လို့ သူကဆိုပါတယ်။

ဟောင်ကောင်တက္ကသိုလ၊် ပြည်သူ့ကျန်းမာရေးဆိုင်ရာ Li Ka Shing ဆေးပညာဌာနရဲ့ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူသင်းဇော်က HIV ပျောက်ကင်းစေတဲ့ဆေးဝါးမရှိဘူးလို ပြောပါတယ်။

"HIV ဗိုင်းရပ်စ်တွေဟာ ငုပ်လျှိုးနေတဲ့ HIV လှောင်အိမ်အဖြစ် ကိုယ်ခံအားဆဲလ်တွေရဲ့ DNA ထဲမှာ ပုန်းအောင်းနေတဲ့အတွက် HIV ကို အမြစ်ဖြတ်နိုင်တဲ့ ကုသမှုနဲ့ ဆေးဝါးတွေကို သိပ္ပံပညာရှင်တွေက ရှာမတွေ့သေးပါဘူး" လို့ သူက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ အီးမေးလ်ကတဆင့် AFP ကိုပြောပါတယ်။  

HIV ရောဂါဝေဒနာရှင်တွေဟာ antiretroviral therapy (ART) ဆေးဝါးတွေရဲ့အကူအညီနဲ့ ပုံမှန်ဘ၀ကို ရာနှုန်းပြည့်ရပ်တည်ရှင်သန်နိုင်တယ်လို့ သူကထပ်လောင်းပြောဆိုခဲ့ပါတယ်။

သိပ္ပံနည်းကျ အထောက်အထားမရှိ  

ဒန့်သလွန်က HIV ကို ကုသပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမရှိဘူးလို့ ဒေါက်တာ Edsel က ပြောပါတယ်။  

"ဒန့်သလွန်ဟာ HIV ကိုမပျောက်ကင်းစေနိုင်သလို ဗိုင်းရစ်ပ်ပိုးကိုလည်း မဖိနှိပ်ပေးနိုင်ပါဘူ။"  

ဒါအပြင် ဒန့်သလွန်ရွက်နဲ့ပြုလုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးတွေက HIV ရောဂါဝေဒနာရှင်တွေသောက်သုံးတဲ့ antiretroviral ဆေးဝါးတွေနဲ့ ဒြပ်ပြုပြီးနောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်တယ်လို့ သူကသတိပေးလိုက်ပါတယ်။  

"ဖြည့်စွက်ဆေးဝါးတစ်မျိုးမျိုးကို မသောက်မီ သင့်ဆရာဝန်နဲ့ ဆွေးနွေးမှုအမြဲတမ်းပြုလုပ်ပါ။ ဒါအပြင် သင်အသုံးပြုတဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ ကောင်းမွန်တဲ့ထုတ်လုပ်မှုကျင့်ထုံးတွေကိုလိုက်နာပြီး ယုံကြည်စိတ်ချရတဲ့ တရားဝင်ထုတ်လုပ်သူတွေက ဟုတ်မဟုတ် သတိရှိပါ။"

သုသေသနလေ့လာမှုအချို့က ဒန့်သလွန်ဟာ ချိနဲ့တဲ့ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခွင့်ကောင်းယူ ကူးစက်မှု (opportunistic infections) တွေကို လျော့ချနိုင်တယ်လို့ဆိုထားပေမဲ့ HIV ကိုတော့ မပျောက်ကင်းစေနိုင်ဘူးလို့ ဒေါက်တာ သင်းဇော်က AFP ကိုပြောပါတယ်။ (archived link here, and here

"ကိုယ့်ရဲ့ မျိုးဗီဇ DNA ထဲမှာ ပုန်းအောင်းနေတဲ့ HIV ပိုးတွေကို အမြစ်ဖြတ်ဖို့ ခက်ခဲပါတယ်။" လို့ သူကပြောပါတယ်။ 

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒန့်သလွန်ရွက်ဟာ HIV ကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ "သက်သေအထောက်အထားမရှိပါဘူး" လို့ AFP ကို ပြောပါတယ်။  

"HIV ရောဂါပိုးရှိသူတွေဟာ HIV ဆေးဝါးတွေနဲ့ ချက်ချင်းကုသမှုခံယူသင့်ပါတယ်" လို့ သူက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှာ AFP ကို အီးမေးလ်ကတဆင့် ပြောပါတယ်။  

HIV ကုသပျောက်ကင်းနိုင်တယ်လို့ ပြောဆိုထားတဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်