ကမ္ဘောဒီးယားနိုင်ငံက စစ်ယာဉ်တန်းဗီဒီယိုကို မြန်မာ့စစ်တပ်ယာဉ်တန်းဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 မတ် 2024 အချိန် 08h34
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံတွင်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ကမ္ဘောဒီးယားနိုင်ငံက စစ်တပ်တင့်ကားတွေ ရွှေ့ပြောင်း သယ်ဆောင်နေတဲ့ဗီဒီယိုတစ်ခုကို ၂၀၂၄ ခုနှစ် မတ်လထဲ ရခိုင်ပြည်နယ်မှာ ရိုက်ကူးခဲ့တယ်ဆိုပြီး အကြိမ်ရာနဲ့ချီ မှားယွင်းပြောဆိုမျှဝေနေကြပါတယ်။ ဒီဗီဒီယိုဟာ မြန်မာအင်တာနက်လူမှုကွန်ရက်ပေါ် မပျံ့နှံ့မီ အနည်းဆုံးနှစ်လခန့်စောပြီး အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ 

"10/3/24 ရခိုင်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ပြောက်ကျားအကွက် ဆေးသုတ်ထားတဲ့တင့်ကားတွေ သယ်ဆောင်လာတဲ့ စစ်ကားကြီးတွေ လမ်းမတစ်ခုပေါ် ဖြတ်သန်းသွားတာကို ဒီဗီဒီယိုထဲမှာမြင်တွေ့ရပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာ့စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ရက္ခိုင့်တပ်တော်က မြန်မာစစ်တပ် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဖက်တိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။  

လက်ရှိမှာ  ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့ကို မြန်မာစစ်တပ်ကထိန်းချုပ်ထားပေမယ့် အနီးအနားကမြို့နယ်အချို့ကိုတော့ ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တိုက်ခိုက်ထိန်းချုပ်ခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို မြန်မာစစ်တပ်ကိုထောက်ခံရေးသားတဲ့ Facebook အကောင့်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။  

ပို့စ်အောက်က မှတ်ချက်တွေကိုကြည့်ရင် ဒီဗီဒီယိုကို မြန်မာနိုင်ငံမှာရိုက်ကူးခဲ့တယ်လို့ လူအများစုကယုံကြည်နေကြတာ သိနိုင်ပါတယ်။  

"မြန်မာတပ်သားများအောင်မြင်ပါစေ" (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်က မှတ်ချက်ပေးထားပြီး "စစ်ပွဲများစွာအောင်မြင်ပါစေ တို့တပ်မတော်" (မူရင်းအတိုင်း) ဆိုတဲ့မှတ်ချက်ကိုလည်းတွေ့ရပါတယ်။  

ဒါပေမဲ့ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါဘူး။ AFP ရဲ့ တည်နေရာရှာဖွေမှုအရ ဒီဗီဒီယိုကို ကမ္ဘောဒီးယားနိုင်ငံက စျေးတစ်ခုမှာ ရိုက်ကူးတာတွေ့ရပါတယ်။ 

ကမ္ဘောဒီးယားက ဗီဒီယို 

ဗီဒီယိုမှာတွေ့ရတဲ့ TikTok အကောင့်အမည်ကို ရှာဖွေကြည့်တဲ့အခါ ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားဝင်ဘာသာစကားဖြစ်တဲ့ ခမာဘာသာစကားနဲ့ TikTok ဗီဒီယိုတွေ မျှဝေလေ့ရှိတဲ့အကောင့်တစ်ခုက ဒီဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (archived link)

ဒါအပြင် တစ်နေရာတည်းမှာရိုက်ကူးထားတဲ့အခြားဗီဒီယိုတွေကိုလည်း ဒီအသုံးပြုသူက သူ့ရဲ့ TikTok စာမျက်နှာမှာ မျှဝေထားပါတယ်။ (archived link)

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို TikTok က ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) ကို TikTok က ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထား

ဒီဗီဒီယိုမှာ ခမာဘာသာစကားနဲ့ ကြော်ငြာဆိုင်းဘုတ်တွေကိုလည်း တွေ့နိုင်ပါတယ်။  

ဗီဒီယိုက ရုပ်ပုံသဲလွန်စတွေကိုအသုံးပြုပြီး AFP က တည်နေရာရှာဖွေတဲ့အခါ ဒီဗီဒီယိုကို ကမ္ဘာဒီးယားနိုင်ငံ  မြို့တော် Phnom Penh ရဲ့  အနောက်တောင်ပိုင်း ၈၀ ကီလိုမီတာ (၅၀ မိုင်) အကွာ၊ Takeo ပြည်နယ်က Tram Kak စျေးမှာ ရိုက်ကူးထားတာတွေ့ရပါတယ်။  

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယိုရဲ့ Screenshot (ဘယ်) နဲ့ Google Street View ဓာတ်ပုံက Tram Kak စျေး (ညာ) တို့ရဲ့ ကိုက်ညီတဲ့အချက်တွေကို AFP က အမှတ်အသားလုပ်ပြထားတာ တွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယိုရဲ့ Screenshot (ဘယ်) နဲ့ Google Street View ဓာတ်ပုံက Tram Kak စျေး (ညာ) တို့ရဲ့ ကိုက်ညီတဲ့အချက်တွေကို AFP က အမှတ်အသားလုပ်ပြထားတာ

ဗီဒီယိုမှာတွေ့ရတဲ့ တင့်ကားပေါ်ကအမှတ်တံဆိပ်ကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီ AFP ဓာတ်ပုံမှာတွေ့ရတဲ့အတိုင်း ကမ္ဘောဒီးယားဘုရင့်တပ်မတော် အမှတ်တံဆိပ်ဖြစ်တာတွေ့ရပါတယ်။  

အောက်မှာ TikTok ဗီဒီယိုက အမှတ်တံဆိပ် (ဘယ်) ကို AFP ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာတွေ့နိုင်ပါတယ်။ 

Image
TikTok ဗီဒီယိုက အမှတ်တံဆိပ် (ဘယ်) ကို AFP ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထား

ကမ္ဘောဒီးယားဘုရင့်တပ်မတော်ဖွဲ့စည်းမှု ၂၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြပွဲတစ်ခုကို မြို့တော် Phnom Penh ရှိ စစ်တပ်ဌာနချုပ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်က ကျင်းပခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဒီဗီဒီယိုကို မျှဝေထားတာဖြစ်ပါတယ်။ (archived link

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်