၁၉၆၅ ခုနှစ်၊ အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာဝင် ၈ သန်းကျော် သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပို့စ်အမှားတွေ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 မတ် 2024 အချိန် 07h28
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈ သန်းကျော်ကို မွတ်ဆလင်တွေက တစ်ရက်တည်း သတ်ဖြတ်ခဲ့ပြီး နိုင်ငံအတွင်း ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခဲ့တယ်လို့ မှားယွင်းပြောဆိုထားတဲ့ပို့စ် တော်တော်များများကို Facebook ပေါ်မှာ မျှဝေထားကြပါတယ်။ အဲဒီပို့စ်တွေမှာ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကွန်မြူနစ်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ ပဋိပက္ခကို လွဲမှားပြောဆိုနေကြတာ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူးလို့ကျွမ်းကျင်သူတွေက AFP ကို ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားအစိုးရ နောက်ဆုံးထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၂ သန်းခန့် ရှိနေပါတယ်။ 

“ဒါတွေဟာ တကယ်ဖြစ်ရပ်မှန်တွေ အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာ  ဘာလို့ ကွယ်ခဲ့ရသလဲ”(မူရင်းအတိုင်း) လို့ အစပြုထားတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပြီး အကြိမ်ရေ ၄၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ 
 

ရှည်လျားတဲ့စာသားပါပို့စ်မှာ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမှာ သန်းနဲ့ချီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို  မွတ်ဆလင်တွေက သတ်ဖြတ်ခဲ့ပြီး “မနက်ခင်းကို သွေးတွေဟာ  ဝါးမြိုခဲ့ကြတယ်”(မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

ဒါအပြင် ပို့စ်မှာ အခုလို ဆက်ရေးထားပါတယ်။

“မိန်းကလေးပေါင်း (၃၀၀၀၀)သုံးသောင်းကျော် မုဒိန်းကျင့် ခံခဲ့ရတယ်။
မုဒိန်းကျင့်မှုကြောင့် ဗုဒ္ဓဘာသာ
မိန်းကလေး (၁၆၀၀၀
(တစ်သောင်းခြောက်ထောင်) ကျော့်
သေဆုံးခဲ့ရတယ်။
ဒါတွင်မကသေးဘူး။
မွတ်ဆလင်တွေက ဗုဒ္ဓဘာသာ
မိန်းမ ၁၀၀၀၀၀- (တစ်သိန်း)ကျော်ကို
မယားငယ်အဖြစ် သိမ်းပိုက်ခဲ့ကြပြန် တယ်။
ဗုဒ္ဓဘာသာကလေးတွေကိုတော့
သူတို့အိမ်မှာ ကျွန်အဖြစ်
ခေါ်ထားလိုက်ကြတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ တစ်ရက်တည်းနဲ့
ဗုဒ္ဓဘာသာဝင် ၈-သန်းကျော်
သေဆုံးခဲ့ကြတယ်။  
ဗုဒ္ဓဘာသာလည်း  
ပျောက်ကွယ်သွားခဲ့တယ်။ (မူရင်းအတိုင်း) 

ပို့စ်မှာ ကြိုးတုပ်ဖမ်းဆီးခံထားရတဲ့လူတွေနဲ့ အပျက်အစီးတွေကြားက ဗုဒ္ဓဆင်းတုတော်တစ်ဆူရဲ့ အဖြူအမည်းဓာတ်ပုံတွေကို တွေ့ရပါတယ်။ 

ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် လူမျိုးရေးပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်က ရယူထားတဲ့ Screenshot

အခုလိုပို့စ်တွေဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာမြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေကြား လူမျိုးရေး ပဋိပက္ခစိတ်တွေ မီးတောက်စေခဲ့တဲ့ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရဲ့ ဥပမာတစ်ခုပုံစံပါ။

၂၀၁၇ ခုနှစ်မှာ  မြန်မာစစ်တပ်က စစ်သွေးကြွတွေ နှိမ်နင်းမှုအတွင်း ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းခွဲခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မောင်းထုတ်ခံခဲ့ရပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တွေနဲ့ ကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားရုံးမှာ တရားစွဲဆိုခံထားရပါတယ်။

အင်ဒိုနီးရှားမှာ သန်းချီတဲ့ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်တွေက သတ်ဖြတ်ခဲ့တယ်လို့ အလားတူရေးသားထားတဲ့ပို့စ်တွေ ၂၀၂၂ ခုနှစ်ကတည်းက ပျံ့နှံ့နေခဲ့ပြီး အကြိမ်ရေ ၁,၇၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ အလားတူပို့စ်တွေကို ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။  

ဒါဟာ မှားယွင်းတဲ့ပြောဆိုမှုတွေဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက AFP ကို ပြောပါတယ်။ 

'လုံးဝ မှားယွင်း'

အာဏာရှင်ခေါင်းဆောင် Suharto ရဲ့ ကာလရှည်ကြာအုပ်ချုပ်မှုကို ဦးတည်စေခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာ ကနေ ၁၉၆၆ ခုနှစ်၊ မတ်လအကြား သွေးထွက်သံယိုပဋိပက္ခအတွင်းမှာ သန်းထက်ဝက်ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ 

အဲဒီလိုသတ်ဖြတ်မှုတွေကြောင့် အင်ဒိုနီးရှားမှာ ယခုချိန်ထိ ပိတ်ပင်ခံထားရတဲ့ တချိန်က တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုပြီးရင် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ပြိုလဲခဲ့ပါတယ်။ 

ဒါပေမဲ့ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာဝင် ၈ သန်း သတ်ဖြတ်ခံရတယ်ဆိုတဲ့အချက်ဟာ “ဖြစ်နိုင်စရာ မရှိဘူး”လို့ အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓဘာသာသမိုင်းကြောင်းကို အထူးပြုလေ့လာသူ မနုဿဗေဒပညာရှင်  Roberto Rizzo က AFP ကို ပြောပါတယ်။(archived link)

“အင်ဒိုနီးရှားရဲ့ ခေတ်သစ်သမိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေ သိပ်အများကြီးမရှိခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။ 

ကွန်မြူနစ်ဆန့်ကျင်ရေးပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတာရှိပေမယ့် “အရေအတွက်အများကြီးမဟုတ်တာ အသေချာပါပဲ” လို့ သူက ဆက်ပြောပါတယ်။ 

၁၉၆၅ ခုနှစ်မှာ သန်းချီတဲ့ဗုဒ္ဓဘာသာဝင်တွေ သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုဟာ “လုံးဝ မှားယွင်း” တယ်လို့  အဲဒီတုန်းကပဋိပက္ခတွေကို လူထုကြား ကြားနာဖို့ တက်ကြွလှုပ်ရှားသူတွေက ဖွဲ့စည်းထားတဲ့ International People's Tribunal 1965 (၁၉၆၅ အပြည်ပြည်ဆိုင်ရာပြည်သူ့ခုံရုံး) အဖွဲ့ရဲ့ ဥက္ကဌ Saskia E. Wieringa က ပြောပါတယ်။ (archived link)

သေဆုံးသူတွေဟာ အဓိကအားဖြင့် “ကွန်မြူနစ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စွပ်စွဲခံရတဲ့အတွက်” ပစ်မှတ်ထားခံခဲ့ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ “အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတဲ့အမျိုးသမီးတွေဟာလည်း နိုင်ငံရေးအရဆက်နွှယ်မှုတစ်ခုခုကြောင့် ပစ်မှတ်ထားခံရတာဖြစ်ပြီး ဘာသာရေးနဲ့ဆက်စပ်မှု မရှိခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။ 

ဂျာကာတာ အမျိုးသားတက္ကသိုလ်က သမိုင်းပညာရှင် Andi Achdian ကလည်း “သေဆုံးခဲ့တဲ့သူတွေဟာ ကွန်မြူနစ် ဒါမှမဟုတ် ကွန်မြူနစ်လို့ အစွပ်စွဲခံရသူတွေ ဖြစ်ပါတယ်။ ဘာသာရေးအရ ဆက်နွှယ်မှုကြောင့် အသတ်ခံရတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ (archived link) 

နောက်ပြီး ပို့စ်တွေမှာ ရေးသားထားသလို အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာဟာ လုံးဝပျောက်ကွယ်သွားတာမျိုး မဟုတ်ပါဘူး။ 

အင်ဒိုနီးရှားနိုင်ငံ၊ သာသနာရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထိ နိုင်ငံတွင်း ဗုဒ္ဓဘာသာကိုးကွယ်သူနိုင်ငံသား ၂ သန်းခန့်ရှိပြီး နိုင်ငံလူဦးရေရဲ့ သုည ဒဿမ ၇၃ ရာခိုင်နှုန်းရှိပါတယ်။ (archived link)

လွှဲမှားဖော်ပြတဲ့ဓာတ်ပုံများ

 ပို့စ်ကဓာတ်ပုံတွေကို Google ပေါ်မှာ ရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီပုံတွေကို အကြောင်းအရာ လွှဲမှားဖော်ပြထားတာတွေ့ရပါတယ်။ 

ရွှံ့နွံထဲက ဗုဒ္ဓဆင်းတုတော်တစ်ဆူရဲ့ဓာတ်ပုံကို ထိုင်ဝမ်မှာ တိုင်းဖွန်းမုန်တိုင်းတစ်ခုတိုက်ခတ်ခဲ့တဲ့နောက်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဒီဓာတ်ပုံကို၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ပုံနှိပ်ခဲ့တဲ့ Associated Press (AP)က ဖော်ပြပါတယ်။ (archived link)

ဓာတ်ပုံရဲ့အညွှန်းစာမှာ “Morakot တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှုနဲ့ အပျက်အစီးတွေကြား နစ်မြှုပ်နေသော ဗုဒ္ဓဆင်းတုတစ်ဆူ၏ဦးခေါင်းပိုင်းကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က ထိုင်ဝမ်တောင်ပိုင်း၊ Kaohsiung ခရိုင်ရှိ ဘုရားကျောင်းတစ်ကျောင်း၌ တွေ့ရစဉ်”ဆိုပြီး ဖော်ပြထားပါတယ်။ 

Morakot တိုင်ဖွန်းမုန်တိုင်းဟာ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ  လလယ်မှာ ထိုင်ဝမ်အလယ်ပိုင်းနဲ့တောင်ပိုင်းကို တိုက်ခတ်ခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။ (archived link)

အောက်မှာ မှားယွင်းတဲ့ပို့စ်က ဗုဒ္ဓဆင်းတုတော်ပုံ (ဘယ်) နဲ့ AP ရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်က ဗုဒ္ဓဆင်းတုတော်ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) နှိုင်းယှဉ်ဖော်ပြထားတဲ့ Screenshot

ကြိုးတုပ်နှောင်ခံထားရတဲ့လူတွေကို နောက်ထပ်ဓာတ်ပုံနှစ်ပုံထဲမှာတွေ့ရပြီး ဒီဓာတ်ပုံတွေကို ဒတ်ချ်အမျိုးသားမော်ကွန်းတိုက်ရဲ့ ဝဘ်ဆိုဒ် ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖော်ပြထားပါတယ်။ (archived links here and here)

အဲဒီဓာတ်ပုံတွေဟာ ၁၉၆၀ ခုနှစ် မတိုင်မီကတည်းက ဓာတ်ပုံတွေဖြစ်တယ်လို့ မော်ကွန်းတိုက်က ဖော်ပြထားပါတယ်။ ပုံတွေရဲ့အညွှန်းစာအရ အဲဒီဓာတ်ပုံတွေဟာ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလက ဂျာဗားကျွန်းအရှေ့ပိုင်း၊ Madiun မြို့ ကွန်မြူနစ်အုံကြွမှုတွေရဲ့တော်လှန်ရေးတစ်ခုအတွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ (archived link)

မှားယွင်းတဲ့ပို့စ်က ပုံတွေ (ဘယ်) ဟာ ဒတ်ခ်ျအမျိုးသားမော်ကွန်းတိုက် ဝဘ်ဆိုဒ်ကပုံတွေ (ညာ) ကို အလျားလိုက်ပြောင်းပြန်ပြုပြင်ထားတယ်ဆိုတာ အောက်မှာ တွေ့နိုင်ပါတယ်။ 

Image
မှားယွင်းတဲ့ပို့စ်က ပုံတွေ (ဘယ်) နဲ့ ဒတ်ခ်ျအမျိုးသားမော်ကွန်းတိုက်ဝဘ်ဆိုဒ်ကပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်