
ရေကန်ထဲ ငှက်တွေ အေးခဲသေဆုံးတဲ့ ဗီဒီယိုကို တရုတ်မှာ စံချိန်တင်အပူချိန်ကျဆင်းမှုအဖြစ် မှားယွင်း မျှဝေ
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဧပြီ 2024 အချိန် 05h21
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Carina CHENG, AFP ဟောင်ကောင်, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“ကမ္ဘာ့အအေးလွန်ကဲမှုကြီး” လို့ စာသားနဲ့အတူ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ရှင်းကျန်းပြည်နယ်က နေရာတချို့မှာ အဲဒီနေ့က အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်ထိ ရုတ်တရက်ကျဆင်းခဲ့ပြီး ရေငှက်ကောင်ရေတော်တော်များများ သေဆုံးခဲ့တယ်လို့ အင်္ဂလိပ်လို ဆက်လက်ရေးသားထားပါတယ်။
ဗီဒီယိုမှာ အေးခဲနေတဲ့ရေကန်တစ်ခုထဲ သေဆုံးနေတဲ့ငှက်တစ်ကောင်ကို အနီးကပ်ရိုက်ကူးထားတာတွေ့ရပြီး အဲဒီနောက်မှာ အစုလိုက်သေဆုံးနေတဲ့ ရာနဲ့ချီတဲ့ငှက်တွေကိုလည်း တွေ့မြင်ရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို X လူမှုကွန်ရက်ပေါ်အင်္ဂလိပ်၊ ထိုင်း ဘာသာစကားတွေနဲ့ မျှဝေထားတာတွေ့ရပြီး၊ Facebook ပေါ်မှာ ဟိန္ဒီဘာသာစကားနဲ့ မျှဝေခဲ့တာတွေ့ရပါတယ်။
အလားတူပြောဆိုမှုနဲ့အတူ ဗီဒီယိုရဲ့ Screenshot တစ်ခုကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က တရုတ်နိုင်ငံ၊ ရှင်းကျန်းပြည်နယ်မှာ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ် (အနုတ် ၆၁ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့တဲ့နောက် အခုလို မှားယွင်းတဲ့ဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။ (archived link)
တကယ်တမ်း မူရင်းဗီဒီယိုကို ဓာတ်ပုံဆရာတစ်ဦးက အွန်လိုင်းပေါ် မျှဝေခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်မှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။ သားငှက်ကျွမ်းကျင်သူတွေကလည်း အဲဒီငှက်တွေဟာ တရုတ်နိုင်ငံမှာ တွေ့ရတဲ့ ငှက်မျိုးစိတ်မဟုတ်ဘူးလို့ AFP ကို ပြောဆိုထားပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ယူကေအခြေစိုက် အချက်အလက်စိစစ်တဲ့အဖွဲ့အစည်း Full Fact ကလည်း ဒီလင့်ခ်မှာ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (archived link)
တောင်ဒါကိုတာပြည်နယ်က ရေခဲပြင်
ဗီဒီယိုမှာပါဝင်တဲ့ပုံတွေကို အသုံးပြုပြီး Google ပေါ် ရာဇဝင်ရှာကြည့်တဲ့အခါ ထပ်တူညီတဲ့ဗီဒီယိုကို Sean Weaver လို့ခေါ်တဲ့ ဓာတ်ပုံဆရာတစ်ဦးက သူရဲ့ Instagram ဒီလင့်ခ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က မျှဝေခဲ့တာ တွေ့ရပါတယ်။ (archived link)
ဗီဒီယိုအညွှန်းစာမှာ “EDIT: ဒီငှက်တွေဟာ လွန်ခဲ့တဲ့နှစ်လလောက်က သေဆုံးခဲ့တာပါ။ ဗီဒီယိုကို လွန်ခဲ့တဲ့ နှစ်ရက်က ရိုက်ခဲ့တာဖြစ်ပြီး မြင်ဖူးသမျှထဲ အဆိုးရွာဆုံး သေဆုံးမှုပါပဲ။ ဗီဒီယိုမှာ ငှက်အကောင်ငယ်လေးတွေကိုတွေ့ရပြီး တောင်ဒါကိုတာ ရေခဲပြင်ထဲ နစ်ဝင်အေးခဲနေကြတာဟာ သူတို့တွေ သေဆုံးတာကြာပြီဆိုတဲ့လက္ခဏာပဲ”လို့ ရေးသားထားပါတယ်။
အဲဒီဗီဒီယိုကို Weaver ဆီ သူ့မိတ်ဆွေတစ်ဦးက ပေးပို့ခဲ့တာ ဖြစ်ပြီး အခုလိုငှက်တွေအစုအပြုံလိုက် သေဆုံးတာဟာ ကြက်ငှက်တုပ်ကွေး ဒါမှမဟုတ် ရုတ်တရက်အအေးလွန်ကဲမှုကြောင့်လား၊ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လားဆိုတာ Weaver က မေးခွန်းထုတ်ခဲ့ပါတယ်။
မှားယွင်းတဲ့ဗီဒီယိုရဲ့ screenshot (ဘယ်) နဲ့ Instagram ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာ အောက်မှာတွေ့နိုင်ပါတယ်။

ဗီဒီယိုကို “ဖေဖော်ဝါရီ ၉ ရက်မှာ တောင်ဒါကိုတာပြည်နယ်၊ Watertown မြို့အနောက်တောင်ဘက်က Goose Lake ရေကန်မှာ ရိုက်ကူးခဲ့တာဖြစ်တယ်”လို့ Weaver က AFP ကို မတ်လ ၁၃ ရက်မှာ ပြောပါတယ်။
“အဲဒီငှက်တွေက lesser snow geese လို့ခေါ်တဲ့ မြောက်အမေရိကားဇာတိမျိုးစိတ် ဘဲငန်းတွေ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးမှ ကျက်စားလေ့မရှိပါဘူး” လို့ သူက ဆိုပါတယ်။
အဲဒီဗီဒီယိုကို တောင်ဒါကိုတာပြည်နယ်၊ Watertown မြို့မှာ သူ့မိတ်ဆွေ Nate Phinney က ရိုက်ကူး ပေးပို့ခဲ့တာ ဖြစ်တယ်လို့ Weaver က Outdoor Life မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။ (archived link)
တရုတ်မှာတွေ့ရတဲ့ငှက်တွေမဟုတ်ပါ
ကွန်နက်တီကတ်တက္ကသိုလ် (University of Connecticut) က ဂေဟဗေဒနှင့်ဆင့်ကဲဖြစ်စဉ်ဆိုင်ရာဇီဝဗေဒ တွဲဖက်ပါမောက္ခ Chris Elphick က ဗီဒီယိုမှာတွေ့ရတဲ့ငှက်တွေဟာ နှင်းဘဲငန်းတွေနဲ့ အများကြီးဆင်တူပြီး တရုတ်နိုင်ငံမှာတွေ့ရတဲ့ ဘဲငန်းမျိုးစိတ်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ အီးမေးလ်ကတဆင့် AFP ကို ပြောပါတယ်။ (archived link)
ငှက်တွေသေဆုံးရတဲ့အကြောင်းကိုတော့ ရောဂါစစ်ဆေးတာ၊ ခွဲစိတ်စစ်ဆေးတာတွေ မလုပ်ဘဲ အတည်မပြုနိုင်ဘူးလို့ သူက ဆိုပါတယ်။
“Instagram မှာ ဗီဒီယိုမျှဝေခဲ့သူက မှတ်ချက်ရေးခဲ့သလို ငှက်တွေတော်တော်များများဟာ ငယ်ရွယ်တာ တွေ့ရပြီး ထိခိုက်လွယ်တဲ့အသက်ရွယ်တွေ ဖြစ်တယ်”လို့ Elphick က ဆိုပါတယ်။
ကျေးငှက်တွေကိုလေ့လာတဲ့ တရုတ်နိုင်ငံသကုဏဗေဒအဖွဲ့အစည်း (Chinese Ornithological Society) ရဲ့ ဒုတိယဥက္ကဌ၊ တရုတ်နိုင်ငံသိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) က ပါမောက္ခ Ming Ma ကလည်း Facebook ပေါ်က အဆိုဟာ “အဓိပ္ပာယ်မရှိဘူး” လို့ ပြောပါတယ်။ (archived link)
အပူချိန်ကျဆင်းမှုကြောင့် ငှက်တွေ အစုလိုက်သေဆုံးမှုမဖြစ်နိုင်ဘူးလို့ သူက မတ်လ ၁၁ ရက်မှာ အီးမေးလ်ကနေတဆင့် ပြောပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီရဲ့ လက်ထောက်ပါမောက္ခ Feng Xu က အဲဒီငှက်တွေကို ရှင်းကျန်းပြည်နယ်မှာ မတွေ့ရဘူးလို့ AFP ကို ပြောပါတယ်။ (archived link)
“ကျွန်တော်သိသလောက်တော့ ရှင်းကျန်းမှာ ရုတ်တရက်အအေးလွန်ကဲတာ၊ ကြက်ငှက်တုပ်ကွေးဖြစ်တာတွေကြောင့် ငှက်တွေအစုလိုက်သေဆုံးတဲ့ ဖြစ်စဉ်မျိုး မရှိပါဘူး” လို့ သူက ဆက်ပြောပါတယ်။
အဓိကစကားလုံး (Keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း ရှင်းကျန်းမှာ ငှက်တွေအများကြီးသေဆုံးတဲ့သတင်းတွေ မတွေ့ရပါဘူး။
တရုတ်နိုင်ငံ၊ ဆိုက်ဘာရေးရာဗဟိုကော်မရှင်က ဖွဲ့စည်းထားပြီး ဆင်ဟွာသတင်းဌာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ကျန်းရှင်းပြည်နယ်၊ တရားဝင် “ကောလာဟလတိုက်ဖျက်ရေးပလက်ဖောင်း” စာမျက်နှာကလည်း ရုတ်တရက်အအေးလွန်ကဲမှုနဲ့မသက်ဆိုင်တဲ့ ငှက်တွေသေဆုံးတဲ့ဗီဒီယိုတွေဟာ မှားယွင်းကြောင်း တုံ့ပြန်ချေပထားပါတယ်။ (archived links here and here)
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်