သဘာဝဘေးနဲ့ အဆောက်အအုံဖြိုဖျက်မှုဗီဒီယိုဟောင်းတွေကို ၂၀၂၄ ခုနှစ် ထိုင်ဝမ်ငလျင် ဆိုပြီး မှားယွင်းမျှဝေ

သဘာဝဘေးအန္တရာယ်ဗီဒီယိုဟောင်းနဲ့ အဆောက်အအုံဖြိုချဖျက်ဆီးမှုလုပ်ငန်းဗီဒီယိုဟောင်းတွေ ပေါင်းစပ်ထားတဲ့ ဗီဒီယိုတစ်ခုကို Facebook မှာ အကြိမ်ရေထောင်ချီကြည့်ရှုခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလက ထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အဖြစ် မှားယွင်းပြောဆိုနေကြပါတယ်။ ဗီဒီယိုမှာ ထိုင်ဝမ်ငလျင်က ရုပ်သံတစ်ခုပါဝင်ပေမယ့် တခြားမြင်ကွင်းတော်တော်များများကတော့ အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံက သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေနဲ့ တရုတ်နိုင်ငံမှာ အထပ်မြင့်အဆောက်အအုံတွေ ဖြိုချဖျက်ဆီးတဲ့ဗီဒီယိုအဟောင်းတွေ ဖြစ်ပါတယ်။ 

ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာဖြစ်ပြီး အကြိမ်ရေ ၅၄၄,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ 

“ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။” (မူရင်းအတိုင်း) ဆိုပြီး ပို့စ်မှာ ရေးသားထားပါတယ်။ 

“သဘာဝအလိုအရဆိုရရင်၊ဘယ်အကာအကွယ်မှယူမရတဲ့၊အရေးပေါ်ဖြစ်မှု့တစ်ခုပါဘဲ။အကယ်၍များစာဖတ်မိတ်ဆွေသည်ထိုနေရာသို့ရောက်နေမိပါက၊မတွေးဝံ့စရာပါ။” လို့ ဒီပို့စ်မှာ ဆက်ရေးထားပါတယ်။

တစ်မိနစ်ကြာမြင့်တဲ့ဗီဒီယိုမှာ ရုပ်သံတိုအများအပြားပါဝင်နေပြီး အဆောက်အအုံတွေကြား ဝှေ့ပတ်တိုက်ခတ်နေတဲ့ မီးလေပွေကြီးတစ်ခုကို တွေ့မြင်ရသလို မီးခိုးလုံးကြီးထွက်နေတဲ့ ရွာတစ်ရွာမှာ လူတွေထွက်ပြေးနေကြတာတွေ၊ အထပ်အမြင့်အဆောက်အအုံတွေ ပြိုကျနေတဲ့မြင်ကွင်းတွေလည်း ပါဝင်ပါတယ်။   

ဗီဒီယိုမှာ “ယနေ့ ထိုင်ဝမ်” ဆိုတဲ့ စာသားကို အင်္ဂလိပ်လိုရေးထားတာ တွေ့ရပါတယ်။

မြေကြီးထဲနစ်ဝင်တိမ်းစောင်းနေတဲ့ အနီရောင်အဆောက်အအုံတစ်ခုရဲ့ ဗီဒီယိုနှစ်ခုကတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်က ထိုင်ဝမ်နိုင်ငံအရှေ့ပိုင်း Hualien မြို့ကို ဗဟိုပြုပြီး မဂ္ဂနီကျု ၇ ဒဿမ ၄ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့တဲ့ ငလျင်က ဗီဒီယိုမှတ်တမ်းအစစ်တွေ ဖြစ်ပါတယ်။

၂၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းရဲ့ အပြင်းထန်ဆုံးငလျင်ကြောင့် ပြိုပျက်တိမ်းစောင်းခဲ့ပြီးငလျင်ရဲ့အမှတ်အသားတစ်ခုဖြစ်လာတဲ့ မှန်ထည် Uranus အဆောက်အအုံကို ကယ်ဆယ်ရေးသမားတွေက ထုခွဲဝင်ရောက်ဖို့ အလျင်စလိုကြိုးပမ်းနေကြတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ ဒီငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁,၁၄၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။   

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်က ရယူထားတဲ့ Screenshot

ဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မြန်မာဘာသာစကားနဲ့ မျှဝေခဲ့ကြသလို ဖိလစ်ပိုင်နိုင်ငံက Facebook အသုံးပြုသူတွေကလည်း ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ မျှဝေခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဗီဒီယိုထဲက မြင်ကွင်းအများစုကတော့ လတ်တလောလှုပ်ခတ်ခဲ့တဲ့ ထိုင်ဝမ်ငလျင်နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိပါဘူး။  

သဘာဝဘေးဗီဒီယိုတွေ

ပထမဗီဒီယိုမှာပါဝင်တဲ့ မြင်ကွင်းကို အသုံးပြုပြီး Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်က ဒီ YouTube ဗီဒီယိုရဲ့ ၅၉ မိနစ် ၂၅ စက္ကန့်နေရာမှာ ကိုက်ညီတာတွေ့ရပါတယ်။ (archived link)

ဒီဗီဒီယိုကို၂၀၁၆ ခုနှစ် မက်သယူးဟာရီကိန်းမုန်တိုင်းတိုက်ခတ်စဉ် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ Tornado Trackers ချန်နယ်က ဗီဒီယိုအညွန်းစာမှာ ဖော်ပြထားပါတယ်။ မူရင်းဗီဒီယိုမှာ လေဆင်နှမောင်းကို ဒီဂျစ်တယ်နည်းပညာနဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီမုန်တိုင်းဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အရှေ့တောင်ပိုင်းကို တိုက်ခတ်ခဲ့တာ ဖြစ်ပြီး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြထားပါတယ်။ 

AFP ရဲ့တည်နေရာအတည်ပြုချက်အရ ဒီဗီဒီယိုကို ဖလော်ရီဒါပြည်နယ်၊ Jacksonville ကမ်းခြေမှာ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ Google Street View ရဲ့ ဓာတ်ပုံထဲမှာ ဗီဒီယိုထဲက ဆိုင်တန်းကို မြင်တွေ့နိုင်ပါတယ်။ (archived link)

မှားယွင်းတဲ့ပို့စ်က တည်းဖြတ်ပြုပြင်ထားတဲ့ဗီဒီယို (ဘယ်) နဲ့ Tornado Trackers က မူရင်းဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေမှာ တည်းဖြတ်ပြုပြင်ထားတဲ့ဗီဒီယို (ဘယ်) နဲ့ Tornado Trackers က ဖော်ပြတဲ့ မူရင်းဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

မီးခိုးပြာစိုင်ကြီးဆီကနေ လူတွေထွက်ပြေးနေတာမြင်ရတဲ့ ဒုတိယဗီဒီယိုဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက မျှဝေခဲ့တဲ့ ဒီ TikTok ဗီဒီယိုနဲ့ ကိုက်ညီနေပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံ Semeru မီးတောင်ပေါက်ကွဲမှုဖြစ်တယ်လို့  ဒီဗီဒီယိုကို မျှဝေခဲ့တဲ့ TikTok အသုံးပြုသူက ဆိုပါတယ်။ (archived link)

အရှေ့ဂျာဗားကျွန်းက အဲဒီမီးတောင်ပေါက်ကွဲမှုအကြောင်း ရေးသားထားတဲ့ သတင်းဆောင်းပါးတစ်ခုမှာလည်း ဒီဗီဒီယိုကို တွဲဖက်ဖော်ပြထားပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံးပြီး လမ်းတွေမှာ ရွှံ့တွေ၊ ပြာတွေ ဖုံးလွှမ်းခဲ့သလို လူပေါင်း ၁၀,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။ (archived link)

မှားယွင်းတဲ့ပို့စ်တွေက ဗီဒီယို (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေက ဗီဒီယို (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဆောက်အအုံဖြိုချတဲ့ဗီဒီယိုတွေ

အထပ်မြင့်အဆောက်အအုံတွေ ပြိုကျနေတဲ့ဗီဒီယို ၃ ခုဟာ တကယ်တမ်းတော့ တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့က အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတဲ့ဗီဒီယိုတွေ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ထိုင်ဝမ်ငလျင်ဆိုပြီး ဗီဒီယိုကို မှားယွင်းမျှဝေထားတဲ့ ပို့စ်တွေကိုလည်း AFP က အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။

အဲဒီဗီဒီယိုမှာလည်း တရုတ်နိုင်ငံတဝန်းက အဆောက်အအုံဖြိုချတဲ့ဗီဒီယိုတွေ ပါဝင်ခဲ့ပါတယ်။

Baidu မှာ ရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဗီဒီယိုတွေထဲကတစ်ခုကို တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနရဲ့ YouTube မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တာတွေ့ရပါတယ်။ (archived link)

ဗီဒီယိုအညွှန်းစာအရ  Shaanxi ပြည်နယ် အနောက်မြောက်ပိုင်း၊ Xi'an မြို့က ၂၆ ထပ်အဆောက်အုံတစ်ခုကို ဖြိုချခဲ့တာဖြစ်ပြီး မဖြိုချခင်မှာ အဆောက်အအုံကို အသုံးပြုခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

 မှားယွင်းတဲ့ပို့စ်တွေက ဗီဒီယို (ဘယ်) နဲ့ CCTV ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်တွေက ဗီဒီယို (ဘယ်) နဲ့ CCTV ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဆောက်အအုံဖြိုချတဲ့ ဆင်တူဓာတ်ပုံတွေကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနကလည်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။ (archived link)

ကမ်းခြေမှာရှိတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခု မြေကြီးပေါ်ပြိုကျတဲ့ဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ကွန်မြူနစ်ပါတီပိုင် Beijing News သတင်းဌာန Weibo ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။ (archived link)

တရုတ်လိုရေးသားထားတဲ့အညွှန်းစာမှာ Hainan ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုရဲ့ အဆောက်အအုံ ၃ လုံးကို ခွင့်ပြုချက်မဲ့တည်ဆောက်ခဲ့တဲ့အတွက် ဖြိုချဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

တူညီတဲ့ဗီဒီယိုကို အစိုးရသတင်းထုတ်ပြန်ချက်တွေကိုဖော်ပြလေ့ရှိတဲ့ စာမျက်နှာတစ်ခုက တရုတ်ဘလောဂ်ဆိုဒ် Meipian မှာ မျှဝေခဲ့ပါတယ်။ (archived link)

မှားယွင်းတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ Meipian မှာ ဖော်ပြထားတဲ့ ဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ Meipian မှာ ဖော်ပြထားတဲ့ ဗီဒီယို (ညာ)တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ကမ်းခြေတစ်ခုက အဆောက်အအုံတွေ ပြိုကျနေတဲ့ နောက်ဆုံးဗီဒီယိုနဲ့ ကိုက်ညီတဲ့ဗီဒီယိုကို ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်က တရုတ်အစိုးရပိုင် The Paper သတင်းဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ (archived link)

သတင်းခေါင်းစဉ်မှာ “Yantai မြို့က ဆယ်နှစ်ခန့်ကြာတဲ့အထိ ပြီးစီးအောင်မဆောက်နိုင်တဲ့အတွက် ဥပဒေအရ သိမ်းဆည်းထားတဲ့အဆောက်အအုံတွေကို ဖြိုချဖျက်ဆီး” ဆိုပြီး ရေးသားထားပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်မှာရှိတဲ့ ဒီမြေနေရာမှာ ဟိုတယ်နဲ့ ကွန်ဗင်းရှင်းစင်တာတည်ဆောက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

မှားယွင်းတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ The Paper ရဲ့ ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ပါ ဗီဒီယို (ဘယ်) နဲ့ The Paper ရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

 ဒီဖြိုဖျက်မှုက တူညီတဲ့ဓာတ်ပုံတွေကို ၂၀၁၈ ခုနှစ်၊ မေလမှာ National Business Daily သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။ (archived link)

ထိုင်ဝမ်ငလျင်နဲ့ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်