၂၀၁၈ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံဗီဒီယိုကို ၂၀၂၄ ခုနှစ် ထိုင်ဝမ်ငလျင်ကဆိုပြီး မှားယွင်းပြောဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဧပြီ 2024 အချိန် 10h19
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
၂၀၁၈ ခုနှစ် ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်စဖွယ်ပြိုကျလုနီးပါးတိမ်းစောင်းခဲ့တဲ့အဆောက်အအုံတစ်ခုရဲ့ ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီလက ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲပျက်စီးမှုတွေဆိုပြီး မှားယွင်းပြောဆိုနေကြပါတယ်။ ၂၀၁၈ ခုနှစ်က ထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် Yun Tsui Building က လူ ၁၄ ဦး သေဆုံးခဲ့တဲ့နောက် ဒီအဆောက်အအုံကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ 

"ထိုင်ဝမ် ငလျင် သေဆုံးသူ၄ ဦးနှင့် ဒဏ်ရာရသူ ၉၀ ကျော်ထိရှိလာ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

 ကြည့်ရှုမှုအကြိမ်ရေ ၆၀၀ ကျော်ရှိနေတဲ့ ဒီဗီဒီယိုမှာ အထပ်များစွာရှိတဲ့ အဆောက်အအုံတစ်ခု စိုးရိမ်စဖွယ်တိမ်းစောင်းနေတာကို ကောင်းကင်ကရိုက်ကူးထားတဲ့ ပုံရိပ်တွေကိုတွေ့ရပါတယ်။

Image
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ထိုင်ဝမ်မှာ မဂ္ဂနီကျူ့  ၇ ဒဿမ ၄ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားကြပါတယ်။ 

၂၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းကိုလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာအကြီးမားဆုံးဖြစ်တဲ့ ဒီငလျင်လှုပ်ခတ်မှုကြောင့် လူအနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ပြီး လူ ၁,၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကြီးမားတဲ့မြေပြိုမှုတွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ 

ထိုင်ဝမ်ကျွန်းဟာ Tectonic Plates နှစ်ခုဆုံရာအရပ်မှာ တည်ရှိတဲ့အတွက် ငလျင်လှုပ်ခတ်မှုတွေကို မကြာခဏရင်ဆိုင်ရပါတယ်။ 

ဒါပေမဲ့ ထိုင်ဝမ်ကျွန်းအတွင်း တင်းကြပ်တဲ့ဆောက်လုပ်ရေးဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေနဲ့ ပြည်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန်ရှိနေတဲ့အတွက် ကြီးမားတဲ့ဘေးကပ်ဆိုးကျိုးဖြစ်ပေါ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

၂၀၁၈ ငလျင်

Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့အချက်အလက်ရှာဖွေမှုအပြင် ဓာတ်ပုံရာဇဝင် ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၁၈ ခုနှစ်က ဒီဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ (archived link)

"ထိုင်ဝမ်ငလျင်ကြောင့် အဆောက်အဦးတစ်ခု စိုးရိမ်စဖွယ်တိမ်းစောင်း" ဆိုပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြထားတဲ့ ဗြိတိန်အခြေစိုက် Guardian သတင်းခေါင်းစဥ်မှာ ရေးသားထားပါတယ်။ 

"အင်္ဂါနေ့ညက ပြင်းအား ၆.၄ မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းအနီးရှိ Yun Men Tsui Ti တိုက်ခန်းအဆောက်အအုံ အန္တရာယ်ရှိသည့်အနေအထားဖြင့်တိမ်းစောင်းနေသည်ကိုတွေ့ရ" ဆိုပြီး ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

"ဒေသတွင်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၁၇၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။"

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) နဲ့ The Guardian ဗီဒီယို (ညာ) တို့ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။  

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယို (ဘယ်) နဲ့ The Guardian ဗီဒီယို (ညာ) တို့ကို နှိုင်းယှဥ်ထားတဲ့ Screenshot

တထပ်တည်းကျတဲ့ ရုပ်ပုံတွေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှာ ဖော်ပြထားတဲ့ Associated Press ဒီဗီဒီယိုရဲ့ ၁ မိနစ် ၂၄ စက္ကန့်ကြာချိန်မှာ တွေ့နိုင်ပါတယ်။ (archived link

ဒီ ၆ ဒဿမ ၄ မဂ္ဂနီကျူ့ပြင်းအားရှိတဲ့ ငလျင်ကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူတွေထဲက ၁၄ ဦးဟာ Yun Tsui အဆောက်အအုံကဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဖြိုချခံခဲ့ရပြီး အဲဒီနေရာမှာ ကားပါကင်အဖြစ်ပြောင်းလဲအသုံးပြုခဲ့တဲ့ ဒီအဆောက်အအုံကို ငလျင်မလှုပ်ခတ်မီ တစ်နှစ်အလို ၂၀၁၇ ခုနှစ်၊ မေလမှာ ရိုက်ကူးထားတဲ့ ဒီ Google Street View ဓာတ်ပုံမှာ တွေ့နိုင်ပါတယ်။ (archived link)

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ငလျင်လှုပ်ခတ်မှုမှာ ပျက်စီးခဲ့တဲ့ ဒီအဆောက်အအုံရဲ့ ဆင်တူဓာတ်ပုံကို AFP က ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။ 

ထိုင်ဝမ်ငလျင်နဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်