ချီလီနိုင်ငံ တောမီးလောင်ကျွမ်းမှုဗီဒီယိုကို အီရန် - အစ္စရေး တိုက်ခိုက်မှုအဖြစ် မှားယွင်း မျှဝေ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်က အီရန်ရဲ့ အစ္စရေးကို မကြုံစဖူး ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအဖြစ် မှားယွင်းပြောဆိုထားတဲ့ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းချီကြည့်ရှုခဲ့ကြပါတယ်။ ညဘက်ကောင်းကင်ပြင်မှာ မီးတောက်မီးလျှံတွေ တောက်လောင်နေတဲ့ဗီဒီယိုဟာ တကယ်တမ်း အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုမတိုင်ခင် ရက်သတ္တပတ်တွေအလိုက ချီလီနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့မီးဟာ Valparaiso ကမ်းရိုးတန်းဒေသကို ဝါးမျိုဖျက်ဆီးခဲ့ပြီး အနည်းဆုံး လူ ၁၃၃ ဦး သေဆုံးစေခဲ့ပါတယ်။ 

ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပြီး အောက်ပါအတိုင်း ရေးသားထားပါတယ်။

"အီရန် အစ္စရေး စစ်ပွဲစပြီ.... အီရန်က စစ်ကြေငြာပြီး စစ်ပွဲကိုစတင်ပါတယ် ။  အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများက ၎င်းတို့၏ ပစ်မှတ်များကို စတင်ထိမှန်ပြီးနောက် အစ္စရေးမြို့များတွင် အထိတ်တလန့်ဖြစ်ခဲ့သည်။ အစ္စရေးလူတွေက အမိုးအကာတွေဆီ ပြေးနေကြတယ်။  အီရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေးရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များ ယခုအချိန်တွင် လောင်ကျွမ်းလျက်ရှိသည်။" (မူရင်းအတိုင်း) 

ဗီဒီယိုမှာ ညအချိန် အဝေးပြေးလမ်းမတစ်ခုအနီး မီးတောက်လောင်နေတာကို မြင်တွေ့ရပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၁၄ ခုနှစ်၊ ဧပြီ ၁၈ ရက်က ရိုက်ယူထားတဲ့ Screenshot

အလားတူပြောဆိုထားတဲ့ ဗီဒီယိုကို Facebook ဒီလင့်ခ်မှာလည်း မျှဝေခဲ့ပါတယ်။ 

ဒါ့အပြင် ဒီဗီဒီယိုဟာ အင်္ဂလိပ်၊ တရုတ်ဘာသာစကားတွေနဲ့ InstagramYouTubeTwitter လို့ အရင်ကခေါ်တဲ့ X အပြင် TikTok ရဲ့တရုတ်ဗားရှင်း Douyin စတဲ့လူမှုကွန်ရက်တွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

ဧပြီလ ၁ ရက်က ဆီးရီးယားနိုင်ငံ၊ ဒမားစကတ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုဟာ  အစ္စရေးရဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်အပြစ်တင်ပြောဆိုမှုတွေရှိခဲ့တဲ့နောက် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဒရုန်း၊ ဒုံးကျည်အစီးရေ ၃၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေရဲ့  ၉၉ ရာခိုင်နှုန်းကို အမေရိကန်အပြင် တခြားမဟာမိတ်တွေရဲ့အကူအညီနဲ့ ဟန့်တားနိုင်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုအပါအဝင် အသေးစားပျက်စီးမှုတချို့သာ ဖြစ်ပေါ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုနောက်ပိုင်းမှာ ဒေသတွင်းအခြေအနေတင်းမာခဲ့ပြီး ပဋိပက္ခ ပိုမိုမဆိုးရွားလာအောင် ထိန်းသိမ်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ဧပြီလ ၁၉ ရက်မှာ အစ္စရေးက တန်ပြန်တိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံအလယ်ပိုင်း၊ Isfahan ပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။  

ချီလီနိုင်ငံက တောမီး

ဗီဒီယိုမှာပါဝင်တဲ့ရုပ်ပုံတွေနဲ့ အဓိကစကားလုံးတွေ အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါ ချီလီနိုင်ငံက မီးလောင်မှုလို့ ရေးသားထားတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ဒီ TikTok ဗီဒီယိုကို တွေ့ရပါတယ်။ 

ဗီဒီယိုရဲ့အညွှန်းစာမှာ "#fire #achupallas မီးလောင်မှုကယ်ဆယ်ရေး။ မိတ်ဆွေ၊ အိမ်နီးချင်းအိမ်တွေမီးလောင်ကျွမ်းနေတာ ထိတ်လန့်စရာကောင်းသလို တိရစ္ဆာန်လေးတွေ မီးထဲပါသွားတာမြင်ရတော့ ပိုပြီး နာကြင်ရတယ်။ ဘုရားသခင် ကယ်မတော်မူပါ" ဆိုပြီး စပိန်ဘာသာစကားနဲ့ ရေးသားထားပါတယ်။

Achupallas ဟာ ချီလီနိုင်ငံ၊ Valparaiso ဒေသ၊ Viña del Mar ပင်လယ်ကမ်းနားအပန်းဖြေမြို့က လူနေရပ်ကွက်တစ်ခုဖြစ်ပါတယ်။

ဂီတပွဲတွေ၊ ကမ်းခြေတွေနဲ့ နာမည်ကြီးတဲ့ အဲဒီမြို့မှာ ဖေဖော်ဝါရီလ ၂ ရက်က တပြိုင်တည်းဆိုသလို မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၃၃ ဦးသေဆုံးခဲ့ပြီး နေအိမ် ၇,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ လူ ၅၀၀ ခန့်သေဆုံးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ငလျင်နဲ့ဆူနာမီဖြစ်စဉ်တွေပြီးရင် ချီလီနိုင်ငံမှာ လူသေဆုံးမှုအများဆုံးဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။

ဗီဒီယိုကို "pat_land" လို့ခေါ်တဲ့ TikTok အသုံးပြုသူက ဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဗီဒီယိုကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီဗီဒီယိုရဲ့ မှတ်တမ်းကို WayBack Machine လို့ ခေါ်တဲ့ အွန်လိုင်းမှတ်တမ်းတွေ သိမ်းဆည်းနိုင်တဲ့ဝဘ်ဆိုဒ်မှာ AFP က တွေ့ရှိခဲ့ပါတယ်။

Image
TikTok ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်က ရိုက်ယူထားတဲ့ Screenshot

အီရန်-အစ္စရေးတိုက်ခိုက်မှုလို့ မှားယွင်းပြောဆိုထားတဲ့ ပို့စ် (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ) တို့ကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

Image
အီရန်-အစ္စရေးတိုက်ခိုက်မှုလို့ မှားယွင်းပြောဆိုထားတဲ့ ပို့စ် (ဘယ်) နဲ့ TikTok ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ဗီဒီယိုကို The Citizen Action Chile သတင်းဌာနကလည်း Facebook ဒီလင့်ခ်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က ဖော်ပြခဲ့ပြီး "Achupallas, Viña del Mar" ဆိုပြီး ရေးသားခဲ့ပါတယ်။ (archived link)

ဗီဒီယိုထဲက ပုံရိပ်တွေကို Google Maps ဓာတ်ပုံတွေနဲ့ နှိုင်းယှဥ်မှုတွေပြုလုပ်ခဲ့ပြီး ဒီဗီဒီယိုကို Viña del Mar ပတ်ဝန်းကျင်မှာရိုက်ကူးခဲ့တယ်ဆိုတာ AFP က အတည်ပြုနိုင်ခဲ့ပါတယ်။

ဗီဒီယိုမှာမြင်တွေ့ရတဲ့ ဓာတ်မီးတိုင်တစ်ခု၊ လူကူးတံတား၊ သစ်ပင်တွေနဲ့ လမ်းဘေးအရံအတားတွေဟာ Google Maps ပေါ်က Livingstone နဲ့ Carlos Ibáñez del Campo လမ်းမတွေကြား မြင်ကွင်းတွေနဲ့ ကိုက်ညီတာ တွေ့ရပါတယ်။ 

Image
TikTok video က မြင်ကွင်းတွေ (ဘယ်) နဲ့ Google Maps ပေါ်က လမ်းမြင်ကွင်းတွေ (ညာ) တို့ရဲ့ ကိုက်ညီတဲ့အချက်တွေကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အီရန်က အစ္စရေးကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ် မှားယွင်းမျှဝေထားတဲ့ တခြားဗီဒီယိုတွေကိုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ