ဒရုန်းတစ်စင်း ဓာတ်ကြိုးတွေမှာချိတ်မိနေတဲ့ ဗီဒီယိုဟောင်းကို အီရန် - အစ္စရေး တိုက်ခိုက်မှုကဆိုပြီး မှားယွင်းပြောဆို

အစ္စရေးကိုတိုက်ခိုက်ဖို့ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စင်း အီရတ်နိုင်ငံကဓာတ်မီးကြိုးတွေမှာချိတ်မိနေတယ်ဆိုပြီး အီရန်ကိုလှောင်ပြောင်ပြောဆိုထားတဲ့ ပို့စ်တွေနဲ့ ဗီဒီယိုဟောင်းတစ်ခု မှားယွင်းပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို အီရန်ရဲ့ အစ္စရေးအပေါ်တိုက်ခိုက်မှုမတိုင်ခင် နှစ်လအလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ဆီးရီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တယ်လို့ သတင်းဆောင်းပါးတွေမှာ ဖော်ပြထားပါတယ်။

"အီရတ်နိုင်ငံထဲကဓာတ်ကြိုးမှာ ပြုတ်ကျ ချိတ်မိနေသည့်အစ္စရေးကိုပစ်သည့် အီရန်ဒရုန်း" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

စာသားနဲ့အတူ ရယ်မောနေတဲ့ emoji ရုပ်ပုံကိုတွေ့ရပြီး အီရန်ရဲ့ လွဲချော်မှုကို ဒီ Facebook ပို့စ်က လှောင်ပြောင်သရော်ထားပါတယ်။  

ကြည့်ရှုမှုအကြိမ်ရေ ၃,၃၀၀ ကျော်ရှိနေတဲ့ ဒီဗီဒီယိုမှာ ဓာတ်တိုင်မီးကြိုးတွေကြားတွဲလောင်းချိတ်မိနေတဲ့ ဒရုန်းတစ်စင်းကို တွေ့ရပါတယ်။  

အမျိုးသားတစ်ယောက်ရဲ့ "ဒီမှာ ဓာတ်ကြိုးတွေနဲ့ ချိတ်မိနေတယ်" ဆိုပြီး အာရဗီဘာသာစကားနဲ့ ပြောဆိုနေတာကိုလည်း ဗီဒီယိုထဲမှာကြားရပါတယ်။  

Image
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က ရယူထားတဲ့ မှားယွင်းပြောဆိုထားတဲ့ Facebook ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook နဲ့ Twitter လို့လူသိများတဲ့ X မှာ မြန်မာဘာသာအပြင် အင်္ဂလိပ်တရုတ်ထိုင်းဘာသာစကားတွေနဲ့လည်း ပျံ့နှံ့နေပါတယ်။

ဒီပို့စ်တွေဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်က အီရန်ရဲ့ အစ္စရေးအပေါ် မကြုံစဖူး ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် အင်တာနက်လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။  

ဧပြီလ ၁ ရက်က ဆီးရီးယားနိုင်ငံ၊ ဒမားစကတ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးရဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်အပြစ်တင်ပြောဆိုမှုတွေရှိခဲ့တဲ့နောက် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဒရုန်း၊ ဒုံးကျည်အစီးရေ ၃၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။  

လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၉၉ ရာခိုင်နှုန်းကို အမေရိကန်အပြင် တခြားမဟာမိတ်တွေရဲ့အကူအညီနဲ့ ဟန့်တားနိုင်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုအပါအဝင် အသေးစားပျက်စီးမှုတချို့သာ ဖြစ်ပေါ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်အစိတ်အပိုင်းတွေကို အိမ်နီးချင်း အီရတ်နိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ သတင်းဆောင်းပါးတွေမှာ ဖော်ပြခဲ့ကြပါတယ်။ (archived link)

ဗီဒီယိုအဟောင်း  

ဒီဗီဒီယိုရဲ့ပုံရိပ်တွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဓာတ်ကြိုးတွေကြားချိတ်မိနေတဲ့ ဒရုန်းဗီဒီယိုထဲက Screenshot ကို အီရန်ရဲ့ အစ္စရေးအပေါ်တိုက်ခိုက်မှုမတိုင်ခင် နှစ်လအလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲက အွန်လိုင်းပေါ်ပျံ့နှံ့နေတာတွေ့ရပါတယ်။ 

Al Jazeera ဆီရီးယားက ဒီဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်က ဒီ Facebook ပို့စ်မှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakeh ပြည်နယ်မှာ ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (archived link)

တစ်ရက်တည်းမှာပဲ ဒေသတွင်းသတင်းမီဒီယာတွေက ဒီဗီဒီယိုကို Hasakeh ပြည်နယ်မှာရိုက်ကူးခဲ့တယ်ဆိုပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အသီးသီး ဖော်ပြခဲ့ကြပါတယ်။ (archived links here and here

ဒီဗီဒီယိုရဲ့ တည်နေရာအတိအကျကိုတော့ AFP က သီးသန့်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒါပေမဲ့ အီရန်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အရှေ့အလည်ပိုင်းဒေသမှာ အခြေစိုက်ထားတဲ့ အမေရိကန် နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလလယ်လောက်ကတည်းက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဂါဇာဒေသစစ်ပွဲမှာ အမေရိကန်ရဲ့ အစ္စရေးအပေါ်ထောက်ခံမှုကို မကျေနပ်တဲ့ အီရန်ကျောထောက်နောက်ခံအုပ်စုတွေရဲ့မဟာမိတ် အီရတ်နိုင်ငံအခြေစိုက် the Islamic Resistance အဖွဲ့က ဒီပစ်ခတ်မှုရဲ့အများစုဟာ သူတို့အဖွဲ့ရဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အီရန်ရဲ့ အစ္စရေးအပေါ်တိုက်ခိုက်မှုဆိုပြီး မှားယွင်းမျှဝေထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ