အစ္စရေးရဲ့ အီရန်ကို တိုက်ခိုက်မှုဆိုပြီး မက္ကဆီကိုဒီဇယ်သိုလှောင်ရုံပေါက်ကွဲမှုဗီဒီယို မှားယွင်းပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 ဇူလိုင် 2025 အချိန် 10h51
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Devesh MISHRA, AFP အိန္ဒိယ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
"အီရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမီးလောင်ပေါက်ကွဲနေပုံ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
မြို့ပြတစ်နေရာမှာ ကြီးမားတဲ့ပေါက်ကွဲမှုနဲ့မီးလောင်ကျွမ်းမှုတစ်ခုကို တွေ့ရပြီး "အထဲမှာလူတစ်ယောက်မှမရှိပါစေနဲ့" ဆိုတဲ့ စပိန်ဘာသာစကားနဲ့ ပြောဆိုနေသံကိုလည်း ဗီဒီယိုထဲမှာ ကြားရပါတယ်။
အီရန်နိုင်ငံထဲက နျူကလီးယားနဲ့ စစ်တပ်စခန်းတွေကို အစ္စရေးက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ အီရန်ရဲ့ လက်တုန့်ပြန် တဲလ်အဗစ်တိုက်ခိုက်မှုမပြုလုပ်ခင်မှာ ဒီဗီီဒယိုပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ (Archived link)
အမေရိကန်စစ်တပ်က အီရန်နျူကလီးယားစက်ရုံသုံးနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒါကို "အလွန်အောင်မြင်တဲ့ တိုက်ခိုက်မှု" အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်မှာ ချီးကျူးအမွှန်းတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရှေ့အလယ်ပိုင်းဒေသက အကြီးမားဆုံး အမေရိကန်စစ်တပ်စခန်းတစ်ခုဖြစ်တဲ့ ကာတာအခြေစိုက် Al Udeid လေတပ်စခန်းကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ (Archived link)
ဇွန်လ ၂၃ ရက်မှာတော့ အီရန်နဲ့ အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့တယ်လို့ ထရမ့်ကကြေညာခဲ့ပါတယ်။ (Archived link)
မဟာပြိုင်ဘက်နှစ်နိုင်ငံကြား ၁၂ ရက်ကြာစစ်ပွဲမှာ အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် လူအနည်းဆုံး ၆၂၇ ဦးသေဆုံးခဲ့တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနကဆိုထားပြီး အစ္စရေးမှာ နိုင်ငံတစ်ဝှမ်းတိုက်ခိုက်ခံရမှုတွေကြောင့် လူ ၂၈ ဦးသေဆုံးခဲ့ပါတယ်။ (Archived link)
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook နဲ့ X မှာလည်း မျှဝေထားပါတယ်။
ဗီဒီယိုထဲကရုပ်ပုံတွေကို Google မှာဓာတ်ပုံရာဇဝင်ရာဖွေကြည့်တဲ့အခါ မက္ကဆီကိုအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ NMas က Nuevo Leon ပြည်နယ်မှာ ဒီဇယ်သိုလှောင်ရုံတစ်ရုံပေါက်ကွဲမှုဆောင်းပါးနဲ့အတူ ဒီဗီဒီယိုကို မေလ ၂၂ ရက်မှာဖော်ပြထားတာတွေ့ရပါတယ်။ (Archived link)
ဒီသိုလှောင်ရုံပိုင်ရှင်ဟာ စက်သုံးဆီမှောင်ခိုကုန်သွယ်မှုကြောင့် ၂၀၂၁ ခုနှစ်ကတည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ကြုံတွေ့နေရသူဖြစ်တယ်လို့ ဒီဗီဒီယိုဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အခြားသတင်းဌာနတွေကလည်း ဒီပေါက်ကွဲမှုသတင်းကို တူညီတဲ့ဗီဒီယိုနဲ့အတူဖော်ပြထားကြပါတယ်။ (Archived here and here)
ဒီပေါက်ကွဲမှုကို အခြားရှု့ထောင့်ကနေရိုက်ကူးထားပြီး ပေါက်ကွဲမှုအသံဖန်တီးချက်နဲ့ ဗီဒီယိုတစ်ခုကို တစ်ရက်တည်းမှာပဲ TikTok အကောင့်တစ်ခုက မျှဝေထားပါတယ်။ (Archived link)
အီရန်-အစ္စရေးစစ်ပွဲနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်