
လွှတ်တော်အတွင်းအငြင်းပွားမှုဗီဒီယိုဟာဂျော်ဂျီယာနိုင်ငံကဖြစ်ပြီး အစ္စရေးနဲ့မသက်ဆိုင်
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇူလိုင် 2025 အချိန် 10h21
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အစရ.ပါလီမန်တွင်တိုက်ခိုက်မှုတခုဖြစ်သည်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်က မျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ဟောပြောစင်တစ်ခုမှာရပ်နေတဲ့အမျိုးသားတစ်ယောက်ကို ဘေးလူတစ်ယောက်ကထိုးကြိတ်ခဲ့ပြီး အခန်းထဲကလူတွေရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုတစ်ခုကို ဒီပို့စ်မှာ မျှဝေထားပါတယ်။ ဒီဗီဒီယိုရဲ့ ကြည့်ရှုမှုအကြိမ်ရေဟာ၂၈၀,၀၀၀ ကျော်ရှိနေပါတယ်။
"အစ္စရေး knesset မှာ ထိုးကြိတ်မှုတွေစတင်နေပြီး" လို့အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစာသားကိုလည်း ဗီဒီယိုထဲမှာတွေ့ရပါတယ်။ Knesset ဟာ အစ္စရေးနိုင်ငံရဲ့ လွှတ်တော်ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယားနဲ့စစ်တပ်စခန်းတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နောက် မဟာပြိုင်ဘက်နှစ်နိုင်ငံကြား လူအသေအပျောက်များခဲ့တဲ့ ဒုံးကျည်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေချိန်မှာ ဒီဗီဒီယိုဟာ Instagram မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။
ဒီအပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံမှာ လူပေါင်း ၉၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံမှာ လူ ၂၈ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၄ ရက်မှာကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကြောင့် ဒီစစ်ပွဲပြီးဆုံးခဲ့ပါတယ်။ (Archived link)
စစ်ပွဲမဖြစ်ပွားမီ အစ္စရေးလွှတ်တော်အတွင်းအငြင်းပွားမှုတွေရှိခဲ့ပေမယ့် ဒီမှားယွင်းပို့စ်မှာပြောဆိုထားသလို ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ တရားဝင်ပြောဆိုမှုတွေကို AFP က မတွေ့ရှိခဲ့ပါဘူး။ (Archived link)
ဒီဗီဒီယိုကို Google မှာ ဓာတ်ပုံရာဇဝင်အပြင် အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ပိုမိုကြည်လင်ပြီး ရှည်လျားတဲ့ ဗီဒီယိုတစ်ခုကို ဗြိတိသျှသတင်းဌာနတစ်ခုဖြစ်တဲ့ The Guardian က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
"အငြင်းပွားဖွယ် တိုင်းတစ်ပါးအေးဂျင့်ဆိုင်ရာဥပဒေကြမ်းအဆိုပြုမှုအတွက် လွှတ်တော်တွင် ဆွေးနွေးမှုပြုလုပ်နေစဥ် အတိုက်အခံ လွှတ်တော်အမတ် Aleko Elisashvili က မိန့်ခွန်းပြောကြားနေသည့် အာဏာရ Georgian Dream ပါတီခေါင်းဆောင် Mamuka Mdinaradze အား ထိုးကြိတ်ခဲ့တဲ့နောက် လွှတ်တော်ကိုယ်စားလှယ်များကြား အခြေအတင်ဖြစ်ပွားခဲ့" ဆိုပြီး ဗီဒီယိုအညွှန်းစာမှာရေးသားထားပါတယ်။
ဒီဗီဒီယိုကို AFP ရဲ့ မော်ကွန်းဝဘ်ဆိုဒ်မှာလည်းဖော်ပြထားပါတယ်။

"တိုင်းတစ်ပါးအေးဂျင့်" ဥပဒေကြမ်းဟာ ဂျော်ဂျီယာနိုင်ငံအတွင်း နေ့စဥ်ဆန္ဒပြမှုတွေဖြစ်ပွားစေခဲ့ပြီး ရုရှားရဲ့နည်းဗျူဟာတွေအသုံးပြုပြီး အစိုးရက ဆန့်ကျင်ဘက်တွေကို ပစ်မှတ်ထားဖို့ကြိုးစားနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့ပါတယ်။ (Archived link)
ဗီဒီယိုထဲကလွှတ်တော်ခန်းမဟာ ဂျော်ဂျီယာလွှတ်တော်ဝဘ်ဆိုဒ်မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပြီး အစ္စရေးလွှတ်တော် Knesset နဲ့ တူညီမှုမရှိတာတွေ့ရပါတယ်။ (Archived link)

အီရန်-အစ္စရေးနဲ့သက်ဆိုင်တဲ့ အခြားသောမှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်