ကျော်ကြားတဲ့ခရီးသွားနေရာကဗီဒီယိုတွေကို အီရန်-အစ္စရေးစစ်ပွဲနဲ့ မှားယွင်းချိတ်ဆက်မျှဝေ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2025 အချိန် 10h47
  • ဖတ်ရန် ကြာချိန် 5 မိနစ်
  • AFP ထိုင်း
မီးတောင်ရှင်နဲ့ သဘာဝပထဝီအနေအထားအရ ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုတို့ရဲ့ ဗီဒီယိုကို အမေရိကန်က မကြုံစဖူးတိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေဆိုပြီး လူမှုကွန်ရက်မှာ မှားယွင်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ Nicaragua နဲ့ Saudi Arabia ကပဲဖြစ်ပါတယ်။

"အနုမြူထိမထိတော့မသိ၊ အီရန်ပြည်သူတွေ အပန်းဖြေစရာနေရာအဖြစ်ဘီလျံချီသုံးပြီး တွင်းတူးပေးခဲ့တဲ့ ဒေါ်နွယ်ထွန်းရဲ့ စေတနာ"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ သန်းနဲ့ချီရှိနေတဲ့ အဲဒီပိုစ့်မှာ ကျောက်တောင်နေရာတွေကို လာရောက်လေ့လာနေတဲ့သူတွေရဲ့ ဗီဒီယိုတွေကို စုစည်းဖော်ပြထားပါတယ်။  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်က မျှဝေထားတဲ့ မှားယွင်းပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုထား

အစ္စရေးက အီရန်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုကနေ အရှေ့အလယ်ပိုင်းဒေသတွင်းက မဟာရန်သူတွေဖြစ်ကြတဲ့ အီရန်နဲ့ အစ္စရေးတို့ကြား အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။  အဲဒီတိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်ထိပ်တန်းအရာရှိတွေအပြင် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်နေတဲ့ သိပ္ပံပညာရှင်တွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။  (Archived link) 

တီဟီရန်က အစ္စရေးမြို့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။  

အမေရိကန်ကလည်း သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးဘက်ကနေပါဝင်ခဲ့ပြီး တီဟီရန်ရဲ့ အဏုမြူအစီအစဥ်အတွက်အသုံးပြုတဲ့ အဓိကအဆောက်အအုံ ၃ နေရာကို ဗုံးကြဲခဲ့ပါတယ်။  

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှာတော့ အပစ်အခတ်ရပ်စဲကြောင်းကြေညာပြီး စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဗုံးကြဲတိုက်ခိုက်မှုတွေက အီရန်ရဲ့ အဓိကနျူကလီးယား အဆောက်အအုံတွေကို "အလုံးစုံဖျက်ဆီး"နိုင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုပြီး သူ့အစိုးရအဖွဲ့ရဲ့ ဆန့်ကျင်ဘက်သုံးသပ်ချက်တွေကို ဒေါသတကြီးငြင်းဆိုခဲ့ပါတယ်။ (Archived link)  

မှားယွင်းတဲ့ ဗီဒီယိုစုစည်းမှုကို Facebook မှာ မြန်မာဘာသာအပြင် ဟိန္ဒီရုရှားဘာသာတွေနဲ့ပါ မျှဝေနေကြပြီး TikTok နဲ့ YouTube မှာလည်းမျှဝေနေကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုတွေဟာ အီရန်ကမဟုတ်ပါဘူး။  

Nicaragua က မီးတောင်  

ဗီဒီယိုကရုပ်ပုံတွေအသုံးပြုပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ပထမဗီဒီယိုကို Leontrekkers လို့ခေါ်တဲ့  Nicaragua အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုရဲ့ Instagram စာမျက်နှာမှာ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က မျှဝေထားတာကိုတွေ့ခဲ့ရပါတယ်။ (Archived link) 

"ဒါကတော့ Telica မီးတောင်ဝရဲ့ အစွန်းမှာ ရပ်နေရတဲ့ ခံစားမှုပါပဲ။  Nicaragua နိုင်ငံအလယ်က မီးတောင်တစ်ခု"ဆိုပြီး ပိုစ့်မှာ စာသားတစ်စိတ်တစ်ပိုင်းဖော်ပြထားပါတယ်။   

မတ်စောက်ပြီး မီးတောင်ဝနှစ်ထပ်ရှိတဲ့ Telica မီးတောင်ဟာ Nicaragua ရဲ့ မီးတောင်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ (Archived link) 

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) ကို Instagram ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Leontrekkers ခရီးသွားလုပ်ငန်းတည်ထောင်သူ Alexander Reyes က ဒီဗီဒီယိုကို သူကိုယ်တိုင် ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်က ရိုက်ကူးခဲ့တယ်လို့ AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link)  

"ဒီဗီဒီယိုက စစ်ရေးလှုပ်ရှားမှုအပါအဝင် အမေရိကန်နဲ့ရော အီရန်နဲ့ပါ ပတ်သက်ခြင်းမရှိပါဘူး"လို့သူကဆိုပါတယ်။   

ပိုမိုရှည်လျားပြီးကြည်လင်တဲ့ ဗီဒီယိုတစ်ခုကိုလည်း Reyes က AFP ကိုမျှဝေခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲက မြင်ကွင်းတွေဟာ Google Map က မီးတောင်ရဲ့ street view ဓာတ်ပုံနဲ့ ကိုက်ညီမှုရှိပါတယ်။ (Archived link) 

Image
ပိုမိုကြည်လင်တဲ့ ဗီဒီယို (ဘယ်) နဲ့ Google Map က Telica မီးတောင်ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြီး တူညီမှုတွေကို AFP က အမှတ်အသားပြုထားတဲ့ Screenshot

ဆော်ဒီကဂူ  

ဆက်လက်ပြီး Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ဗီဒီယိုစုစည်းမှုက နောက်ထပ်ဗီဒီယိုတစ်ခုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်ကမျှဝေထားတဲ့ Instagram ပိုစ့်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။ (Archived link)  

Instagram စာမျက်နှာရဲ့ ပိုင်ရှင်ကို AFP က ဆက်သွယ်ခဲ့ရာ ဗီဒီယိုရိုက်ကူးခဲ့တဲ့နေရာဟာ Heet ဂူ ဖြစ်တယ် လို့ဆိုပါတယ်။ Heet ဂူ ဟာ သဘာဝပထဝီဝင်အနေအထားအရ ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပြီး Saudi Arabia ရဲ့ Riyadh မြို့ကနေ ၃၀ ကီလိုမီတာ (၁၈ မိုင်) အကွာမှာ တည်ရှိပါတယ်။ (Archived link) 

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကဗီဒီယို (ဘယ်) ကို မူရင်း Instagram ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

Google Map မှာတွေ့ရတဲ့ ဓာတ်ပုံအရလည်း ဂူရဲ့တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link) 

Image
မူရင်း Instagram ဗီဒီယို (ဘယ်) နဲ့ Google Map က Heet ဂူ ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြီး တူညီမှုတွေကို AFP က အမှတ်အသားပြုထားတဲ့ Screenshot

မော်ရိုကိုမှဖြစ်နိုင်သည့်နေရာ 

နောက်ဆုံး ဗီဒီယိုကိုတော့ အမေရိကန်ကအီရန်ကိုဗုံးကြဲမှုမတိုင်မီ ၆ ရက်အလို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ဒီ TikTok စာမျက်နှာကနေ မျှဝေခဲ့တာကို တွေ့ရပါတယ်။ (Archived here and here 

မငြိမ်မသက်ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ လူသုံးယောက်က တောင်စောင်းပေါ်ကနေ ပြေးဆင်းသွားပြီး တစ်ယောက်နဲ့တစ်ယောက် အာရဗီဘာသာစကားတွေနဲ့ ပြောဆိုနေကြတာကို တွေ့ရပါတယ်။  

စကားပြောဆိုတဲ့ လေသံတွေအရ သူတို့ဟာ Morocco ကဖြစ်နိုင်တယ်လို့ အရှေ့အလယ်ပိုင်းဒေသအခြေစိုက် AFP သတင်းထောက်တစ်ဦးက ဆိုပါတယ်။   

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကဗီဒီယို (ဘယ်) ကို မူရင်း TikTok ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

တူညီတဲ့ TikTok အသုံးပြုသူက ရေပြည့်နေတဲ့ မြေတွင်းဝမှာ အုပ်စုဖွဲ့ပြီးထိုင်နေကြတဲ့ အခြားဗီဒီယိုတစ်ခုကိုလည်း မျှဝေခဲ့ပါသေးတယ်။ (Archived link) 

AFP အီရန်-အစ္စရေး စစ်ပွဲကနေအစပြုခဲ့တဲ့ မှားယွင်းပြောဆိုမှုတွေကို ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်