
AI "ဘိုလီးဗီးယာလွှတ်တော်အဆောက်အအုံပြိုကျမှု" ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇူလိုင် 2025 အချိန် 07h50
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Jan Cuyco, AFP ဖိလစ်ပိုင်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
စင်မြင့်တစ်ခုမှာထိုင်နေကြတဲ့လူတွေအပေါ် နံရံကြီးတစ်ခုလုံးပြိုကျခဲ့တဲ့ဗီဒီယိုတစ်ခုကို ဇူလိုင်လ ၅ ရက်က ဒီ Facebook ပို့စ်မှာ မျှဝေထားပါတယ်။
"ဗိုလီးဗီးယားနိုင်ငံ၏ညီလာခံတွင် ငလျှင်လှုပ်မြင်ကွင်း" (မူရင်းအတိုင်း) ဆိုပြီး မြန်မာဘာသာ စာသားပါရှိပြီး ဘိုလီးဗီးယား လွှတ်တော်လို့အဓိပ္ပါယ်ရတဲ့ "Asamblea de Bolivia" ဆိုတဲ့ စာသားကိုလည်း ဗီဒီယိုမှာ ထည့်သွင်းထားပါတယ်။ (Archived link)

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို တဂါလော့၊ ကိုရီးယား၊ အင်ဒိုနီးရှားအပြင် ဟိန္ဒီဘာသာစကားတွေနဲ့လည်း မျှဝေနေကြပြီး ကြည့်ရှုမှုအကြိမ်ရေ နှစ်သန်းကျော်ရှိနေပါတယ်။
ဇူလိုင်လ ၃ ရက် နံနက်စောစောပိုင်းမှာ ပြင်းအား ၅ ဒဿမ ၄ မဂ္ဂနီကျု့ငလျင်လှုပ်ခတ်ခဲ့ပေမယ့် အဆောက်အဦးတွေပျက်စီးမှုမရှိခဲ့ဘူးလို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ အဲဒီမတိုင်ခင်ရက်သတ္တပတ်အတွင်း ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုအနည်းဆုံး အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ (Archived links here and here).
၁၀ စက္ကန့်ကြာတဲ့ဗီဒီယိုထဲက ရုပ်ပုံကွဲလွဲမှုတွေက ဒါဟာ AI နည်းပညာနဲ့ဖန်တီးထားကြောင်း ဖော်ပြနေပါတယ်။
ပြိုကျသွားတဲ့နံရံကြီးအရှေ့ကစင်ပေါ်မှာထိုင်နေတဲ့သူတွေဟာ အဲဒီနံရံနဲ့တစ်ညီတည်း သဘာဝမကျစွာပြိုကျသွားတာတွေ့ရပါတယ်။ ဒါအပြင် အလွန့်မြင့်မားတဲ့နံရံဟာ ခန်းမတစ်ဝက်ပေါ်ကိုသာပြုတ်ကျခဲ့ပြီး ကျန်နေတဲ့ ခန်းမထဲကထိုင်ခုံတွေ လုံးဝပျက်စီးထိခိုက်တာတွေမျိုးတွေ မရှိခဲ့ပါဘူး။
နံရံကြီးပြိုကျပြီးနောက် လူအချို့ ရုတ်တရက် ဗီဒီယိုမှာပေါ်လာတာတွေအပြင် လူတချို့ရဲ့ပုံသဏ္ဌာန်တွေက သာမန်လူသားတွေရဲ့ ပုံစံနဲ့ မတူတာတွေကိုလည်း တွေ့ရပါတယ်။

ဥာဏ်ရည်တုနည်းပညာတွေအလျင်အမြန်တိုးတက်လာပေမယ့် ဒီရုပ်ပုံကွဲလွဲချက်တွေက AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို စစ်ဆေးဖော်ထုတ်မှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဒါအပြင် ဒီဗီဒီယိုကို Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က TikTok မှာ AI ဖန်တီးမှုအမှတ်အသားနဲ့ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)

အဲဒီအကောင့်က ဆင်တူ AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုတွေကို အကြိမ်ကြိမ်မျှဝေထားပါတယ်။ (Archived links here and here)
ထပ်မံပြီး ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ဘိုလီးဗီယားအောက်လွှတ်တော်ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က မျှဝေထားတဲ့ လွှတ်တော်ခန်းမဓာတ်ပုံကို အခြေခံပြီး ဖန်တီးထားတာတွေ့ရပါတယ်။ (Archived link)

ဘေးအန္တရာယ်အမျိုးမျိုးအပါအဝင် AI နည်းပညာနဲ့ပြုလုပ်ထားတဲ့ ဗီဒီယိုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်