
မြစ်ရေလျှံမှုပုံရိပ်တွေနဲ့ AI ဖန်တီးမှုဗီဒီယိုတစ်ခုကို မြန်မာနိုင်ငံကရေကြီးမှုဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဇွန် 2025 အချိန် 10h44
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Nyan Tun SHEIN, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ကရင်ပြည်နယ် မြဝီတီလမ်း တောင်ပြိုကြ ကာလမ်းပျက်စီ ကားတွေအများကြီးပျက်စီကုန်တယ် 6လ1ရက်2025 ညနေ4နာရီခွဲအချိန်" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာ ရေးသားထားပါတယ်။
ကြည့်ရှုမှုအကြိမ်ရေ ၃.၄ သန်းကျော်ရှိနေတဲ့ ဗီဒီယိုမှာ အဝေးပြေးတောင်တက်လမ်းကိုဖြတ်ပြီး ကြမ်းတမ်းစွာစီးဆင်းနေတဲ့ မြစ်တစ်စင်းနဲ့အတူ ရွှံ့နွံထူထပ်တဲ့ ကမ်းပါးတွေပေါ်မှာ ပိတ်မိနေတဲ့ လူတွေနဲ့ မော်တော်ကားတွေကိုလည်း တွေ့နိုင်ပါတယ်။
မြဝတီလမ်းမကြီးဟာ မြန်မာနိုင်ငံကို အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဆက်သွယ်ပေးတဲ့ အဓိကကုန်သွယ်မှုလမ်းကြောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကိုဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် မကြာခဏဆိုသလို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားလေ့ရှိပါတယ်။ (Archived links here and here)

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဇွန်လဆန်းပိုင်းက စဥ်ဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့တဲ့နောက် အဲဒီမှားယွင်းတဲ့ဗီဒီယိုက ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ (Archived link)
တူညီတဲ့မှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုကို မြန်မာဘာသာနဲ့ Facebook အပြင် TikTok မှာလည်းမျှဝေနေကြပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုကို AI နည်းပညာနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။
Google မှာဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်ကမျှဝေထားတဲ့ ထပ်တူညီတဲ့ TikTok ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။ ဗီဒီယိုမှာ AI နည်းပညာနဲ့ ဖန်တီးထားတယ်ဆိုပြီး အညွှန်းစာပါရှိပါတယ်။ (Archived link)
အဲဒီ TikTok စာမျက်နှာဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ AI ဖန်တီးမှုဗီဒီယိုတွေကို အမြဲလိုလိုမျှဝေလေ့ရှိတာ တွေ့ရပါတယ်။ (Archived links here and here)

ဗီဒီယိုကိုမျှဝေခဲ့တဲ့ TikTok စာမျက်နှာပိုင်ရှင် Joao Tourinho က စာသားကနေ ဗီဒီယိုကိုပြောင်းလဲထုတ်လုပ်ပေးတဲ့ Hailuo AI ဆော့ဖ်ဝဲလ်ကိုအသုံးပြုပြီး ဗီဒီယိုကိုဖန်တီးခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ AFP ကိုပြောပါတယ်။
"AI နဲ့ဖန်တီးထားတယ်ဆိုပြီး ဖော်ပြထားတဲ့ကြားက သတင်းအမှားတွေကို ဖြန့်ဝေဖို့အသုံးပြုနေတာမြင်ရတာ ကျွန်တော်စိတ်မကောင်းဘူး" လို့သူကဆိုပါတယ်။ "ကျွန်တော့်ရဲ့ ဖန်တီးမှုအားလုံးဟာ AI နဲ့ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖျော်ဖြေမှုတွေကို နှစ်ခြိုက်သူတွေအတွက်ဆိုပြီး ကျွန်တော့်ရဲ့ YouTube နဲ့ TikTok စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။"
ပုံသဏ္ဌာန်ပျက်နေတဲ့ မော်တော်ကားတွေ၊ ကားတစ်စီးနဲ့ တစ်စီးရောထွေးသွားမှု၊ ပျက်စီးနေတဲ့ ကားအဖြူရောင်ကြီး မြင်ကွင်းမှာ ရုတ်တရက်ပေါ်လာမှု စတဲ့ AI ဖန်တီးမှုတွေလို့ သိသာစေတဲ့ ရုပ်ပုံကွဲလွဲချက်တွေကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

AI နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပေမယ့် ရုပ်ပုံကွဲလွဲချက်တွေကို မြင်တွေ့ရဆဲဖြစ်ပြီး အဲဒီကွဲလွဲချက်တွေက ပြုပြင်ဖန်တီးထားတဲ့ အကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
AFP ကအချက်အလက်စိစစ်ထားတဲ့ AI ဖန်တီးမှုရုပ်ပုံတွေကို ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်