
Air India လေယာဥ်ပျက်ကျမှုနောက်ပိုင်း သက်ဆိုင်မှုမရှိတဲ့ ဗီဒီယိုနဲ့ ရုပ်ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇွန် 2025 အချိန် 08h32
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Devesh MISHRA, Ara Eugenio, AFP အိန္ဒိယ, AFP ထိုင်း, AFP ဖိလစ်ပိုင်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ဒါဟာ Gujarat ပြည်နယ်၊ Ahmedabad က လေယာဥ်ပျက်ကျမှုရဲ့ တိုက်ရိုက်ဗီဒီယိုတစ်ခုပါ။ Boeing 787-8 လေယာဥ်မပျက်ကျမီအချိန်မှာ လူငယ်တစ်ယောက်က Facebook live လွှင့်ခဲ့ပြီး ဒီမတော်တဆမှုအဲဒီအချိန်မှာ ဖြစ်သွားခဲ့တာပါ။" လို့ဆိုတဲ့ ဟိန္ဒီဘာသာစကားနဲ့ Facebook ပို့စ်တစ်ခုက လေယာဥ်ပျက်ကျပြီးနာရီပိုင်းအတွင်းမှာ မျှဝေထားပါတယ်။
အနီးအနားက ဆေးရုံမှာလုပ်ကိုင်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အဆောင်ဒုတိယထပ်ပေါ်ပျက်ကျခဲ့ပြီး လေယာဥ်အမြီးပိုင်းသာညှပ်ကျန်ခဲ့တဲ့ Air India Boeing 787-8 လေယာဥ်ပျက်ကျမှုမှာ အမျိုးသားတစ်ဦးသာ အသက်ဘေးကနေ အံ့သြဖွယ်လွတ်မြောက်ခဲ့ပါတယ်။ (Archived link)
X မှာမျှဝေထားတဲ့ ပို့စ်ကဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးက သူစီးနင်းလိုက်ပါလာတဲ့ လေယာဥ်မပျက်ကျမီ နောက်ဆုံးအချိန်ကို အမှတ်မထင်ရိုက်ကူးနေတာတွေ့ရပါတယ်။

"Ahmedabad လေယာဥ်မပျက်ကျခင်ရိုက်ကူးထားတဲ့ ဗီဒီယို" ဆိုပြီး မီးခိုးတွေနဲ့ လေယာဥ်အတွင်းပိုင်းကဗီဒီယိုတစ်ခုကို TikTok ပို့စ်တစ်ခုကလည်းမျှဝေထားပါတယ်။
"ခရီးသည် ၂၄၂ ဦးတင်ဆောင်ထားတဲ့ လန်ဒန်လာမယ့် အိန္ဒိယလေယာဥ် ဂူဂျာရက်ပြည်နယ်မှာ ပျက်ကျ၊ လူအများအပြား သေဆုံးနိုင်ဖွယ်ရှိ" (မူရင်းအတိုင်း) ဆိုပြီး မြန်မာဘာသာစကားနဲ့ ပို့စ်တစ်ခုကလည်း ပြေးလမ်းတစ်ခုပေါ်မီးလောင်ကျွမ်းနေတဲ့ လေယာဥ်တစ်စီးရဲ့ ဓာတ်ပုံကို မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုတွေနဲ့ ရုပ်ပုံတွေဟာ Air India လေယာဥ်ပျက်ကျမှုနဲ့ သက်ဆိုင်မှုမရှိပါဘူး။
ပထမဗီဒီယိုကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက နီပေါနိုင်ငံအလယ်ပိုင်းမှာ ပျက်ကျခဲ့တဲ့ လေယာဥ်အကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေကို တွေ့ရပါတယ်။ (Archived here and here)
Yeti လေကြောင်းလိုင်းလေယာဥ်တစ်စီးဟာ မြို့တော် Kathmandu ကနေ ဘာသာရေးခရီးသည်တွေနဲ့ တောင်တက်သူတွေကြား နာမည်ကြီးတဲ့ Pokhara မြို့ကို ပျံသန်းနေစဥ် လေဆိပ်ကိုဆင်းသက်ချိန်မှာပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဥ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၇၂ ဦးလုံးအသက်ဆုံးရှုံးခဲ့ပါတယ်။ (Archived link)
ဒေသတွင်း ရဲအရာရှိအပြင် ဗီဒီယိုထဲကအမျိုးသားရဲ့ ရင်းနီးသူတစ်ဦးက သူနဲ့ ဗီဒီယိုမှာတွေ့ရတဲ့ အခြားခရီးသည်တွေဟာ လေယာဥ်ပျက်ကျမှုမှာသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ ဗြိတိန်သတင်းဌာနတစ်ခုဖြစ်တဲ့ The Guardian ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ (Archived link)

ဒုတိယဗီဒီယိုကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်က TikTok မှာ မျှဝေထားပြီး အိုင်ယာလန်လေကြောင်းလိုင်း Ryanair လေယာဥ်တစ်စီးပေါ်ရိုက်ကူးထားကြောင်း ဖော်ပြထားပါတယ်။ (Archived link)
ဗီဒီယိုမျှဝေခဲ့တဲ့ TikTok အသုံးပြုသူက ဒီလေယာဥ်အတွင်းပိုင်းကဖြစ်စဥ်ကိုရိုက်ကူးပြီး သူအပါအဝင် အားလုံး ဘေးအန္တာရယ်ကင်းကြောင်း အခြားဗီဒီယိုတစ်ခုမှာ ဖော်ပြထားပါတယ်။ (Archived link)
ဗီဒီယိုထဲက လေယာဥ်ကိုယ်ထည်အတွင်းပိုင်းဟာ Ryanair လေယာဥ်အတွင်းပိုင်းမှာရိုက်ကူးထားတဲ့ ဒီဓာတ်ပုံနဲ့ ကိုက်ညီမှုရှိနေပါတယ်။ (Archived link)

နောက်ဆုံးဓာတ်ပုံကိုတောာ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က တောင်ကိုးရီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Jeju Air လေယာဥ်အကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေမှာ ယခင်ကတည်းက ပျံ့နှံ့နေတာတွေ့ရပါတယ်။ (Archived here and here)
AFP ကလည်း ဒီဓာတ်ပုံကို မျှဝေခဲ့ပါတယ်။ "၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် Jeju Air လေယာဥ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan-gun မြို့ရှိ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်ပြေးလမ်းသို့ဆင်းသက်စဥ် လမ်းချော်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပုံကို တောင်ကိုရီးယားအမျိုးသားမီးသတ်တပ်ဖွဲ့က ပေးပို့သည့်ဓာတ်ပုံတွင်တွေ့ရသည်။" ဆိုပြီး ဓာတ်ပုံအညွှန်းစာဖော်ပြထားပါတယ်။
Jeju Air Boeing 737-800 ဟာ ထိုင်းနိုင်ငံကနေ ခရီးသည် ၁၈၁ ဦးကို တင်ဆောင်လာပြီး Muan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ် အတားအဆီးတစ်ခုကို တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ ဒီလေယာဥ်မတော်တဆမှုကြောင့် လေယာဥ်အမှုထမ်းနှစ်ဦးကလွဲပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။ (Archived link)


AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်